အီးယူ နိုင်ငံတွေ သွားရောက်ခွင့် ဗီဇာအပိတ်ခံထားရတဲ့ ဒေါ်သီတာဇော်အနေနဲ့ အီတလီကို ဘယ်လို သွားရောက်ခွင့် ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်သံတမန် အသိုင်းအဝိုင်းကို RFA က စုံစမ်းခဲ့ပါတယ်။
ကျန်းမာရေး မကောင်းတဲ့ ဦးတေဇရဲ့ သမီးအငယ်ဆုံးကို အီတလီနိုင်ငံ ရောမမြို့မှာ ဆေးကုသဖို့အတွက် ဒေါ်သီတာဇော်က ဗီဇာလျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ လူလူချင်းစာနာမှု အခြေခံနဲ့ ခုလို ဗီဇာထုတ်ပေးခဲ့တာ ဖြစ်ကြောင်း အီးယူသံတမန်တွေနဲ့ နီးစပ်တဲ့ အရာရှိတဦးက RFA ကို ပြောပါတယ်။
ဒေါ်သီတာဇော်နဲ့ မိသားစုကို ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားက ရှဲန်းငဲန် ဗီဇာ (Schengen Visa) အမျိုးအစား ဖြစ်ပါတယ်။ သာမန်အားဖြင့် အဲဒီ ဗီဇာမျိုး ရသူတွေဟာ ရှဲန်းငဲန် သဘောတူညီချက်မှာ ပါတဲ့ ဥရောပ ၂၅ နိုင်ငံကို သွားရောက် လည်ပတ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒေါ်သီတာဇော်နဲ့ ခင်ပွန်း ဦးတေဇတို့ မိသားစုဟာ ၂၀၁၁ ခုနှစ် အီးယူဒဏ်ခတ်စာရင်းမှာ ပါနေတဲ့အတွက် အီတလီက လွဲပြီး တခြား ၂၄ နိုင်ငံကို သွားခွင့်မပေးဘူးလို့ အဆိုပါ အရာရှိက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဒေါ်သီတာဇော်ဟာ ဂျာမနီနိုင်ငံ ခေတ္တရောက်နေတုန်း အမေရိကန်နိုင်ငံက မိတ်ဆွေတချို့ကို ဖုန်းဆက်ခဲ့တယ်လို့ RFA က စုံစမ်းသိရတဲ့အတွက် ဘယ်လိုနည်းနဲ့ ဂျာမနီနိုင်ငံကိုပါ သွားခွင့်ရခဲ့သလဲ ဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒီကိစ္စ မေးမြန်းဘို့ ဒေါ်သီတာဇော်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။
၂၀၁၁ ခု အီးယူ ဒဏ်ခတ်စာရင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ အုပ်စုခွဲပြီး ဒဏ်ခတ်စာရင်းကို ဖော်ပြရာမှာ ဦးတေဇနဲ့ မိသားစုကို အစိုးရ စီးပွားရေးပေါ်လစီများ၊ အစိုးရနဲ့ ဆက်နွယ်နေသူများထံမှ အကျိုးစီးပွား ရနေသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ဒဏ်ခတ်စာရင်းအောက်မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ဦးတေဇပိုင် လုပ်ငန်းအားလုံးကို လုပ်ငန်းအမည်စာရင်း အသေးစိတ်နဲ့ စာရင်းပြုစုပြီး အီးယူက ဒဏ်ခတ်ထားတဲ့အပြင် ဦးတေဇရဲ့ ဇနီး ဒေါ်သီတာဇော်၊ သား ပြည့်ဖြိုးတေဇ၊ ဦတေဇရဲ့ မိခင် ဒေါ်အုန်း၊ ဦတေဇရဲ့ အစ်ကို ဦးသီဟနဲ့ ဦးသီဟရဲ့ ဇနီး ဒေါ် ရွှေရွှေလင်းတို့ကိုပါ ဒဏ်ခတ်စာရင်းမှာ ဖော်ပြထားပါတယ်။
