စိတ်ရောဂါကုဆေးရုံ ပို့်ခံထားရသုူ ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးခံရပြီး ရန်ကုန် စိတ်ရောဂါကုဆေးရုံကို ပို့ဆောင်ခံထားရတဲ့ ဧရာဝတီတိုင်း ဘိုကလေးဇာတိသား ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဦးအောင်မြင့်ရဲ့အမှုကိစ္စဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခံရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

ဦးအောင်မြင့်ကို လက်ရှိ စိတ်ကျန်းမာရေးဆေးရုံ မှုခင်းဆောင်မှာ ထားရှိပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း၊ တာဝန်ရှိဆရာဝန်တွေက ဒီကနေ့ ဦးအောင်မြင့်ကို ဆေးစစ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဆရာဝန်မစုံလင်တဲ့အတွက် ဆေးစစ်မယ့် အစီအစဉ် ပျက်သွားရကြောင်း မနှင်းထက်ထက်အောင်က ပြောပါတယ်။

ဦးအောင်မြင့်ဟာ ဇန်နဝါရီ ၃ ရက်ကစပြီး အပြာရောင်ထောင်ဝတ်စုံကို ဝတ်ဆင်ကာ ဘိုကလေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗဟန်းမြို့နယ် ကားမှတ်တိုင်တစ်ခုမှာ အပြာရောင်ထောင်ဝတ်စုံနဲ့ သံခြေကျင်း ဝတ်ဆင်ထားတဲ့ ဦးအောင်မြင့်နဲ့ ပင်နီအင်္ကျီနဲ့ ယောထဘီ ဝတ်ဆင်ထားတဲ့ သမီး မနှင်းထက်ထက်အောင်တို့ကို ဗဟန်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး ဦးအောင်မြင့်ကို စိတ်ကျန်းမာရေး ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

ဦးအောင်မြင့်ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ၂ ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပါတယ်။