ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ် စာချုပ်လက်မှတ်ထိုးဖို့ ဝန်ကြီး ဦးအောင်မင်းပြောကြား

0:00 / 0:00

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရဘက်က လိုလား ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး ကော်မတီ UPWC ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ စတင်ကျင်ပတဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲ မှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောခဲ့တာပါ။

"စက်တင်ဘာလ လဆန်းက စပြီး ရွေးကောက်ပွဲတွေကို စတင်လုပ်ကြရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကာလအတွင်း မှာ ခိုင်ခိုင်မာမာသဘောတူညီချက် မရခဲ့ဘူး ဆိုရင် အဲ့ဒီနောက်မှာတော့ NCA သဘောတူညီမှုကို အဖွဲ့တွေအစုံအညီ နဲ့ ထပ်ညှိဖို့ဆိုတာ နောင်တက်လာမယ့်အစိုးရအပေါ်မှာသာ မူတည်ပါလိမ့်မယ်၊ အဲ့ချိန် ကျရင် အသစ်ဖြစ်လာပါ လိမ့်မယ်၊ ကျနော့်အနေနဲ့ ဒီအစည်းအဝေးမှာ နှစ်ဖက်လုံးကဝိုင်းဝန်းကြိုးပမ်းမှုကြောင့် NCA လက်မှတ်ရေးထိုးနိုင်တဲ့ အထိ ညှိနှိုင်းဆွေးနွေးမှုတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့ကို လိုလားကြောင်း တိုင်းရင်းသားတွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

"ဒီနေ့ ကျမတို့ဆွေးနွေးပွဲကို ရောက်ရှိနေတဲ့အချိန်မှာဘဲ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်၊ ဒါကြောင့်ကျမအနေနဲ့ အများကြီးစိုးရိမ်ပူပန် မိပါတယ်၊ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားဖို့အတွက် အလေးအနက်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် တိုက်တွန်းလိုပါတယ်"

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကာကွယ်ရေးဦးစီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြင့် စိုး၊ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ တက်ရောက်ကြပါတယ်။

ပဒိုနော်စီဖိုးရာစိန်ခေါင်းဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့မှာ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာ လဂျာ၊ ပူးဇင်ကျုံး နဲ့ နိုင်ဟံသာစတဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။