ကေအိုင်အိုနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲခံရသူ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲနဲ့ ဆက်သွယ်လို့ဆိုပြီး မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တစ်နှစ်ကျော်ကြာ တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရတဲ့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်းက ဦးလထော်ဘရန်ရှောင်ကို ပြစ်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

မနေ့က မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒါဏ်နှစ်နှစ် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် တရားသူကြီး ဦးမြင့်ထူးက RFA ကို အခုလိုပြောပြပါတယ်။

"မတရားသင်းဥပဒေ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်၊ ဥပဒေအရ အယူခံပြင်ဆင်ခွင့်တက်လို့ရတယ်"

သက်သေအထောက်အထားမရှိဘဲ အခုလိုထောင်ဒါဏ်နှစ်နှစ် အပြစ်ဒါဏ်ပေးလိုက်တာဟာ မျှတတဲ့တရားစီရင်ရေးစနစ်မဟုတ်တဲ့အတွက် ဦးလထော်ဘရန်ရှောင် လွတ်မြောက်တဲ့အထိ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးဘရန်ရှောင်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဂျီမာခါးက အခုလို ပြောပါတယ်။

"ဦးလထော်ဘရန်ရှောင်က တကယ်ကို ကေအိုင်အေစစ်သား မဟုတ်ဘူးဆိုတာ သေသေချာချာသိတာပေါ့နော်၊ သူ့ကိုဖမ်းဆီးပြီး အခုစွပ်စွဲတာအားလုံးမှာလည်း သူကေအိုင်စစ်သားဖြစ်တယ်ဆိုတာ သက်သေတစ်ခုမှမရှိဘူးဗျ၊ ကျနော်တို့ဘက်ကလည်း ဦးလထော်ဘရန်ရှောင်က ကေအိုင်အေမဟုတ်ဘူးဆိုတာ သူနဲ့အတူနေထိုင်ခဲ့တဲ့သူတွေရော၊ အလုပ်အတူလုပ်ကိုင်ခဲ့တဲ့သူတွေရော သက်သေခံစာရွက်စာတမ်းကအစ ကျနော်အားလုံးတင်ပြထားတယ်၊ ဒါပေမယ့် တရားသူကြီးက အဲဒါကိုလုံးဝထည့်သွင်းမစဉ်းစားဘူး"

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဂျန်မိုင်ကောင် စစ်ရှောင်စခန်းကို သွားရောက်ခဲ့စဉ် ဦးဘရန်ရှောင်ရဲ့ဇနီးဖြစ်သူ ဒေါ်ဇေညွယ်နဲ့တွေ့ဆုံခဲ့ချိန်မှာ ဦးဘရန်ရှောင် ထောင်ကျပြီးခဲ့ရင် တစ်ပတ်မကြာစေရဘူး ပြန်လွှတ်ပေးမယ်လို့ ကတိပြုပြောကြားခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဇေညွယ်က ပြောပါတယ်။

ဒီကနေ့ အပြစ်ဒါဏ်ချမှတ်ခံရတဲ့ ဦးလထော်ဘရန်ရှောင်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ဇွန်လ ၁၇ ရက်နေ့ကစပြီး စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရစဉ်အတွင်း အာဏာပိုင်တွေရဲ့ ရိုက်နှက်စစ်ဆေးမှုတွေ ခံခဲ့ရတယ်လို့ ဦးဘရန်ရှောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။