ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံး အပေါ်ဆုံးထပ်မှာ ကျင်းပတဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ဒု-တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းက အခုလို ပြောခဲ့ပါတယ်။
" အခု သတင်းဖြစ်ပေါ်နေတဲ့ ဘန်ကောက်ပို့စ်မှာ အင်တာဗျူးတဲ့ ကိစ္စမှာ သူ့အနေနဲ့ တွေ့ဆုံမေးမြန်းမှု မရှိဘူးဆိုတာတွေ နောက်တခါ အသားပေးဖော်ပြခဲ့တဲ့ ဘန်ကောက်ပို့စ်က သတင်း အချက်အလက်တွေဟာလည်း မှန်ကန်မှုမရှိဘူး။ သူဟာ ပြောဆိုတာ မဟုတ်ဘူးလို့လည်း အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ကျွန်တော်အနေနဲ့ လူကြီးမင်းများကို အသိပေး ရှင်းလင်းခြင်း ဖြစ်ပါတယ်"
ဘန်ကောက်ပို့စ် သတင်းစာမှာ ဦးခင်ညွန့်နဲ့တွေ့ဆုံမေးမြန်းမှုအကြောင်း ရေးသားသူ ဆောင်းပါးရှင် နှစ်ဦးထဲမှာ တစ်ဦးက ဦးမြင့်ရွှေ (ကနေဒါ) ဖြစ်ပါတယ်။
အဲဒီဆောင်းပါးမှာ ဦးခင်ညွန့် ရာထူးရှိစဉ် ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကို သူကယ်တင်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ ဖော်ပြချက်ဟာ ဦးခင်ညွန့်ရဲ့ ပြောဆိုချက် မဟုတ်ကြောင်း၊ ဦးခင်ညွန့် မပြောတဲ့ အချက်တွေကို ဘန်ကောက်ပို့စ်က ဖော်ပြခဲ့တာဖြစ်ကြောင်း၊ ဦးခင်ညွှန့်ရဲ့ သတင်းမီဒီယာဆိုင်ရာ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဗိုလ်မှူးဟောင်း ဦးဝင်းမောင်မောင်က ငြင်းဆိုသွားပါတယ်။
ဦးခင်ညွန့်ဟာ လက်ရှိ ဒုလ္လဘရဟန်းအဖြစ် ခံယူနေတာကြောင့် သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် မတက်ရောက်နိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို ဦးခင်ညွန့်ဘက်က ငြင်းဆိုလိုက်တာနဲ့ ပတ်သက်လို့ အခုချိန်ထိ ဦးမြင့်ရွှေဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဒါပေမယ့် ဦးမြင့်ရွှေ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်း ဦးခင်ညွှန့်နဲ့တွေ့ဆုံ မေးမြန်းနေတဲ့ ဓာတ်ပုံတွေ အင်တာနက်မှာ ပေါ်ထွက်လာခဲ့ပါတယ်။
