သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် NLD မှာ စာတမ်းဖတ်မည်

သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာဦးမြင့်ဟာ မနက်ဖြန်နေ့လည်မှာ ရန်ကုန် ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ စီးပွားရေးဆိုင်ရာ စာတမ်းတစောင် လာရောက် ဖတ်ကြားမယ်လို့ သိရပါတယ်။

NLD ဗဟို အစည်းအဝေး ခန်းမမှာ သူ့ရဲ့ စီးပွားရေးဆိုင်ရာ စာတမ်းကို လာရောက်ဟောပြောမှာ ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘူးလို့ ဒီဟောပြောပွဲ အစီအစဉ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မနက်ဖြန် နေ့လည် ၁၂ နာရီမှာ ကျင်းပမယ့် ဒီစာတမ်းဖတ်ပွဲကို ကျန်းမာရေး အခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မှာ မဟုတ်ပေမယ့် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။

စီးပွားရေးပညာရှင် ဦးမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူတဦးလို့ ထင်ရှားပြီး NLD ပါတီရုံးချုပ်ကို အရင်က လာရောက်ခဲ့ဖူးသူ ဖြစ်ပေမယ့် အစိုးရသစ် တက်လာအပြီး သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရပြီး နောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ အခုတကြိမ်ဟာ ပထမဦးဆုံးအကြိမ် ဖြစ်မယ်လို့ ဆိုပါတယ်။

ဒီပွဲကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ သီးသန့် ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေသာ တက်ရောက်ကြမယ်လို့ သတင်း ရရှိပါတယ်။