ရခိုင်ပြည်နယ်တစ်ဝှမ်း ၇၃ နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားကျင်းပ

၇၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားတွေကို ရခိုင်ပြည်နယ်အနှံ့မှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။ အဲဒီလိုကျင်းပရာမှာ မြို့နယ်အသီးသီးရှိ နိုင်ငံရေးပါတီတွေအပြင် ရပ်ကွက်အလိုက်၊ အဖွဲ့အစည်းအလိုက် ဆရာတော် ဦးဥတ္တမကို ရည်စူးပြီး လွမ်းသူ့ပန်းခွေချတာတွေ၊ ဆွမ်းဆီမီး ကပ်လှူတာတွေ၊ ဟောပြောပွဲ အခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ နံရံကပ်စာစောင် ပြုလုပ်ပွဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
2012-09-09
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-oattama-090912-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့လယ် ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် ဦးဥတ္တမ ရုပ်တုရှေ့တွင် သံဃာတော်များ ဂါရဝပြု မေတ္တာသုတ် ရွတ်ဖတ်နေစဉ်။
RFA

အခုနှစ် ရခိုင်ပြည်နယ်အနှံ့ ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပတဲ့မြို့တွေမှာ အာဏာပိုင်တွေဘက်က လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားခဲ့ပေမယ့် အရင်နှစ်တွေကထက် အထူးစည်ကားစွာ ကျင်းပပြုလုပ် နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

ဆရာတော် ဦးဥတ္တမ သီတင်းသုံးနေထိုင်ခဲ့တဲ့ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ဦးဥတ္တမနေ့ အခမ်းအနားနဲ့ ပတ်သက်လို့ လက်ရှိ ရွှေစေတီကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဦအရိယ၀ံသက RFA ကို အခုလို မိန့်ကြားပါတယ်။

"တော်တော်လေး အဆင်ပြေပါတယ်။ ဘုန်းဘုန်းတို့လည်း တော်တော်လေးကို ဝမ်းမြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘုန်းဘုန်းတို့ ဆရာတော်ပါ။ ဒီဆရာတော်ဟာ ဘုန်းဘုန်းတို့ရဲ့ ရွှေစေတီ ကျောင်းတိုက်က ဆရာတော်ကြီး တစ်ပါးဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ဟိုတုန်းက ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ က ဘုန်းဘုန်းတို့ လုပ်လာခဲ့တဲ့ ဒီအခမ်းအနားတွေဟာ စိုးရိမ်စရာကောင်းတယ်။ အထိတ်တလန့်နဲ့ လုပ်လာခဲ့ရတာ။ ဘုန်းဘုန်းကိုယ်တိုင် ဦးစီးပြီးတော့ ဆရာတော်ကြီးကို ဘုန်းဘုန်းတို့ ကျောင်းမှာ လုပ်လာခဲ့ရတယ်။ အခုကတော့ ဘုန်းဘုန်းတို့ အကုန်လုံး လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်တဲ့ ဆန္ဒတွေရှိကြတဲ့ အတိုင်းပဲ လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ရတဲ့ဟာ လူတွေဟာ အဲဒီလိုပဲ ဝမ်းမြောက် ဝမ်းသာနဲ့ ဖြစ်ကြရတာပါ။ နောက်ပြီးတော့ ပီတိဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ဒီဆရာတော်ကြီးဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် ကျေးဇူးရှင် ဖြစ်ပါတယ်"

ရခိုင်ပြည်နယ်အနှံ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွေ ပြုလုပ်တဲ့နေရာ အားလုံးလိုလိုမှာ အာဏာပိုင်တွေဘက်က တစုံတရာ နှောင့်ယှက် ဟန့်တားတာမျိုး မရှိပေမယ့် သံတွဲမြို့ရဲ့ အနောက်ဘက် ၁၀ မိုင်ခန့် အကွာမှာရှိတဲ့ ဂျိတ်တော ကျေးရွာမှာတော့ ဆရာတော် ဦးဥတ္တမအတွက် ရည်စူးပြီး ဘုန်းတော်ကြီးကျောင်းမှာ သင်္ကန်း လာကပ်လှူတဲ့ ကျောင်းသား ၅၀ ခန့်ကို စခန်းမှူး ဦးကျော်ညွန့်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ဒေသအာဏာပိုင်တွေက ၃ နာရီကြာလောက် အဓမ္မ တားဆီး နှောင့်ယှက်ခဲ့တယ်လို့ ဂျိတ်တောကျေးရွာသား ကိုစိန်ချစ်က RFA ကို အခုလိုပြောပါတယ်။

"တရားနာ ရေစက်ချပြီးတော့ ပြန်ဆင်းတဲ့ အချိန်မှာ ဘုန်းကြီးကျောင်း ခြံဝင်းရဲ့အကျော်လည်းရောက်ရော ကျွန်တော်တို့ကို အာဏာပိုင် အဖွဲ့အစည်းက မင်းတို့ ဆက်သွားလို့ မရဘူးတဲ့။ ကျွန်တော်တို့က မေးပါတယ်။ ဘာကြောင့်ပါလဲခင်ဗျ။ မင်းတို့ အဖွဲ့လာတဲ့ ပုံစံက ဥပဒေနဲ့ ငြိစွန်းတာပေါ့နော်။ စီတန်း လှည့်လည်နေတဲ့ ပုံသဏ္ဌာန်ပေါ်နေတယ်။ ပြီးလို့ရှိရင် လျှောက်လွှာလည်း မတင်ထားဘူး။ ကျွန်တော်တို့က ပြန်ဖြေလိုက်ပါတယ်ခင်ဗျ။ ကျွန်တော်တို့က ဆရာတော် ဦးဥတ္တမနေ့မှာ ဆရာတော် ဦးဥတ္တမကို ကုသိုလ်ကောင်းမှုလုပ်တဲ့ အနေနဲ့ ကျွန်တော်တို့ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းကို လာတာ ဖြစ်ပါတယ်။ သူတို့က ပြောတာကို လက်မခံပဲနဲ့ ၁၀ နာရီလောက်ကို ကျွန်တော်တို့ကို အဲဒီမှာ တားမြစ်ထားပါတယ်"

အာဏာပိုင်တွေဘက်က အဲဒီလိုမျိုး ကျောင်းသားလေးတွေကို ဟန့်တားပြီး ၃ နာရီလောက်အကြာ နေ့လည် ၁ နာရီခန့်မှာမှ သံတွဲမြို့ပေါ်က အာဏာပိုင်တွေ ထပ်ရောက်လာပြီး ဆွေးနွေး ညှိနှိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ ဒီကနေ့မှာ ရသေ့တောင်မြို့ကို သွားရောက်ပြီး မြို့ခံလူထုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

U Myint

U Ottama is seen as both the first true martyr of Burmese nationalism and father of the modern Arakanese nationalist movement. U Ottama is seen as the first of Myanmar's long list of political monks, who had stood up for the Burmese people in times of strife, either under colonial, democratic, socialist or military rule.

Sep 09, 2012 05:15 PM