ဝါရင့်သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်း ကွယ်လွန်

ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း(အသက် ၇၁ နှစ်) ဟာ ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံမှာ မနေ့ ည ၁၁ နာရီခွဲလောက်က အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

သတင်းစာလောကအတွက် အလွန်ကြီးမားတဲ့ဆုံးရှုံးမှှုတခု ဖြစ်တယ်လို့ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ပြောပါတယ်။

"အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်။ အင်မတန်မှ ဝမ်းနည်းကြေကွဲရပါတယ်။ နောက်ပြီးတော့ နှမြောတသတယ်လို့လည်း ပြောရမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အသက်အရွယ်နဲ့ ဆိုလို့ရှိရင် ကျန်းမာရေးသာကောင်းမယ်ဆိုလို့ရှိရင် အများကြီးကို တိုင်းပြည်အတွက် စာကောင်းပေကောင်း ရေးနိုင်သေးတယ်။ နောက်သူအင်မတန် ထက်မြက်တယ်ဗျာ။ အင်မတန်ရဲရင့်တဲ့ ကလောင်တချောင်းဖြစ်တယ်။ ကျန်းမားရေးချို့တဲ့တာ နှစ်တော်တော်ကြာကြာကို ချို့တဲ့နေတဲ့ကြားထဲကနေပြီးတော့ ဒီအောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ စာတွေဆက်ရေးနေတယ်။ ရေးတဲ့စာ မှန်သမျှကလည်း စေတနာလည်းပါတယ်ဗျာ။ အင်မတန် ရဲရင့်ပြောင်မြောက်တယ်။ တိုင်းပြည်ကို ပြုပြင်တဲ့ကလောင်ပေါ့။ နောက် ဝေဖန်ထောက်ပြစရာရှိတဲ့ နေရာမှာလည်း ဘယ်သူ့ကိုမှ မငဲ့ညှာ ပဲနဲ့ ဝေဖန်ထောက်ပြတယ်။ အဲဒီလို ကလောင်တချောင်း ဆုံးရှုံးရတာကို ကျွန်တော်ကတော့ အင်မတန် နမြောတသပါတယ်"

လူထု ဦးစိန်ဝင်းဟာ ဇွန်လ ၁၇ ရက်နေ့မှာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် အထူးကုဆေးရုံမှာ တက်ရောက်ကုသခံယူရင်း ကွယ်လွန်သွားခဲ့တာပါ။

သူရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး ဆရာကြီးနဲ့ ရင်းနှီးသူတွေရဲ့ အမြင်တွေကို အာအက်ဖ်အေ အဖွဲ့သူ မခင်မိုးမိုးက တင်ပြထားပါတယ်။

0:00 / 0:00