မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် လက်ရှိမှာလည်း အတူတကွ ပူးတွဲလုပ်ဆောင်နေကြောင်း၊ ပြည်သူတွေက ရွေးချယ် တင်မြှောက်ရင် မိမိအနေနဲ့ လက်ခံသွားမှာဖြစ်ကြောင်း ဘီဘီစီ အသံလွှင့်ဌာနက အင်္ဂလိပ်ဘာသာနဲ့ မနေ့က ထုတ်လွှင့်ချက်မှာ ပြောခဲ့တာပါ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် အတားအဆီး ဖြစ်နေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာတော့ မိမိတစ်ဦးတည်း အနေနဲ့ ပြင်ဆင်လို့ မရကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားလို့ မရကြောင်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ တပ်မတော်ဟာ လက်ရှိ လွှတ်တော်အသီးသီးမှာ ၂၅% နေရာယူထားတာ ဖြစ်ပါတယ်။
တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်ရဲ့ အနည်းဆုံး ၇၅% ရဲ့ ထောက်ခံမှုရှိမှ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သင့် မသင့် ဆွေးနွေးမှုတွေမှာ ဗီတိုအာဏာသုံးစွဲပြီး ကန့်ကွက်ခွင့် ရှိတယ်လို့လည်း သိရပါတယ်။