မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ တိုင်းပြည် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အန်အယ်လ်ဒီနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ် ဂျပန်သတင်းဌာန NHK နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာပါ။
မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို တဖြည်းဖြည်းချင်း လျော့ချသွားမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
အဲဒီလို ပိတ်ဆို့ အရေးယူမှုတွေ လျော့ချဖို့အတွက် အာဆီယံအဖွဲ့ကလည်း မြန်မာအစိုးရဘက်က ရပ်တည်ပြီး အနောက်နိုင်ငံတွေကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ဒီလကုန်ပိုင်းလောက်မှာ သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂျပန်နိုင်ငံက နိုင်ငံရပ်ခြား အကူအညီ ODA ပြန်ပေးနိုင်ရေးအတွက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။