သမ္မတ ဦးသိန်းစိန်နှင့် အာအက်ဖ်အေ သီးသန့်တွေ့ဆုံမေးမြန်း

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့ အကြိတ်အနယ် ပြိုင်ဆိုင်ကြရမယ့် ရွေးကောက်ပွဲဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က အာအက်ဖ်အေကို စက်တင်ဘာလ ၂၈ ရက်က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက အာအက်ဖ်အေ မြန်မာပိုင်းအစီအစဉ်နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခွင့်ပေးခဲ့စဉ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲက ၂၀၁၅ ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ခြေ ရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက မေးမြန်းရာမှာ သမ္မတ ဦးသိန်းစိန်က ဖြေကြားခဲ့တာပါ။

"သို့သော်လည်း ဒီဖက်ပိုင်းမှာတော့ အန်အယ်လ်ဒီ ဝင်လာတယ်။ အဲတော့ အန်အယ်လ်ဒီကလည်း ဘာပဲဖြစ်ဖြစ် ခုနကလို ဒီအထိုက်အလျှောက် ဒီပါတီကို ကြိုက်နှစ်သက်တဲ့ အင်အားကလည်း သူကရှိနေတယ်။ ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၁၅ မှာတော့ ရွေးကောက်ပွဲအတွက်ကို အပြိုင်အဆိုင် ခုနကလို စည်းရုံးကြရမယ်။ အပြိုင်အဆိုင် ကြိုးစားကြရမယ်လို့ ဒီလိုပါ မြင်ပါတယ်”

ဒါ့အပြင် သမ္မတရုံးနဲ့ လွှတ်တော်ကြားမှာ အတည်မပြုနိုင်သေးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်းကိစ္စ၊ လတ်တလော အပြောင်းအလဲဖြစ်လာတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး မူဝါဒဆိုင်ရာတွေအပြင် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာတွေကို သမ္မတကြီးက ဖြေကြားထားပါတယ်။

နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ အာအက်ဖ်အေ ဝိုင်းတော်သူ ဒေါ်သင်းသီရိက သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ဆုံမေးမြန်းတာကို တင်ပြထားပါတယ်။

0:00 / 0:00