သမ္မတ ဦးသိန်းစိန် ၂၂ ရက်နေ့ ထိုင်းကိုသွားမယ်

ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန်ဟာ လာမဲ့ ၂၂ ရက်နေ့  တနင်္ဂနွေနေ့ မှာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် သွားရောက်မယ်လို့ သိရပါတယ်။
2012-07-20
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-0718-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဒီမိုကရေစီ မိတ်ဆွေများပါတီ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးနေစဉ်။
Photo: President Office Website

၂၃ ရက်နေ့ တနင်္လာနေ့ မှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ ဆုံဆွေးနွေးပြီး ညနေပိုင်းမှာ ထိုင်းဘုရင့်သမီးတော် သီရိဒုံနဲ့ နန်းတော်မှာ သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့ ၂၄ ရက်နေ့မှာ ရွှေနန်းတော်နဲ့ မြဘုရားကို သွားရောက် ဖူးမြော်ပြီး ညနေပိုင်းမှာ ဘန်ကောက်မြို့တော်ကနေ အထူးလေယာဉ်နဲ့  နေပြည်တော်ကို ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်အောင် ထိုင်းအစိုးရအနေနဲ့ တိုက်တွန်းဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်ကို တိုက်တွန်းစာတစ်စောင် ပေးပို့လိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုမှာ ပါဝင်ကူညီမယ်။ အထူးသဖြင့် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာအောင် ဝိုင်းဝန်း ဆောင်ရွက်မယ်လို့ ထပ်ခါတလဲ ကတိပေးထားတာ ရှိသလို မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း တိုးတက် ပြောင်းလဲမှု တချို့တွေ ရှိခဲ့တယ်။ ဒါပေမယ့် လူ့အခွင့်အရေး အခြေအနေကတော့ ဆက်လက် ဆိုးဝါးနေတုန်းပဲလို့ HRW အဖွဲ့က ဆိုပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် ယင်းလပ် အစိုးရအနေနဲ့ သမ္မတ ဦးသိန်းစိန်ကို လူ့အခွင့်အရေးဆိုင်ရာ အချက် (၄) ချက် ဆောင်ရွက်အောင် တိုက်တွန်းသင့်တယ်လို့ HRW အဖွဲ့ကပြောပါတယ်။

အဲဒီအချက်တွေကတော့ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေရပ်ပြီး စုံစမ်းစစ်ဆေး အရေးယူဖို့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ဆောင်ရွက်ဖို့နဲ့ ILO နဲ့ သဘောတူညီချက်အတိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေ ရပ်ပြီး အလုပ်သမား အခွင့်အရေး ဖော်ဆောင်ပေးဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

နယ်ခြားစောင့်နတ်

နေရပ်- မိုင်းဆတ်

ဗမာတိုင်းရင်းသားတွေ အသားလွတ်သတ်ခံနေရတာ
"လူ့ အခွင့်အရေးကိုဘာလုပ်တာ"လဲမသိတော့ပါဘူး ယိုးဒယားရယ်

Jul 20, 2012 11:42 PM