“ဦးဝင်းတင်ခေါင်းဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးသန်းထွန်းတို့၊ ဦးလှဖေတို့၊ နောက် ဗဟိုအလုပ်ကော်မတီ ဦးကြည်ဝင်းတို့၊ ဦးအောင်မြင့်တို့ ဘာတို့လည်း လိုက်ပြီးတော့ ပို့ကြပါတယ်။ နောက် တိုင်းရင်းသား ခေါင်းဆောင်ဖြစ်တဲ့ CRPP က ဦးအေးသာအောင်လည်း လိုက်ပါ ပို့ဆောင်ပါတယ်။ လူငယ်ခေါင်းဆောင်တွေ၊ ကိုမျိုးညွန့်တို့၊ ကိုမြင့်ဌေးတို့ အပါအဝင် လူငယ်တွေ၊ နောက် ဒေါ်မေဝင်းမြင့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်အေးအေးမာ စတဲ့ အမျိုးသမီး ခေါင်းဆောင်တွေ ပို့ဆောင်ကြပါတယ်။ ဦးဉာဏ်ဝင်းတို့၊ ကျွန်တော်တို့လည်း ပါတာပေါ့ဗျာ။ ဦးစိုးဝင်းတို့၊ ဦးနိုင်းနိုင်းတို့ ပို့ဆောင်ကြပါတယ်။ ကျွန်တော်တို့ အခု လေဆိပ်က ပြန်ထွက်လာတာပါ။”
ဦးတင်ဦး ကို စင်ကာပူ ချန်ဂီ လေဆိပ်မှာ မြန်မာ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူ ကျောင်းသားတချို့နဲ့ အလုပ်သမားတချို့ လာရောက် ကြိုဆိုခဲ့ရာမှာ ကျောင်းသားတဦးက ဦးတင်ဦး နဲ့ တွေ့ရပုံကို ခုလိုပြောပါတယ်။
“ကျွန်တော်တို့ကို ဘဘက ဒီ လူငယ်များ လာမကြိုနဲ့ဆိုလို့ တော်တော်များများ လာမကြိုပါဘူး။ ကျွန်တော်တို့ နည်းနည်းပဲ လာကြိုတာပါ။ လူက လေးငါးယောက်လောက်ပဲ။”
ဦးတင်ဦးဟာ Teng Toung Seng (တန်ထောင်ရှန်း) ဆေးရုံမှာ လာမဲ့ စက်တင်ဘာ ၃၀ ရက်နေ့ မျက်လုံး ခွဲစိတ်ကုသမှာ ဖြစ်ပါတယ်။ စင်ကာပူရောက် ဦးတင်ဦးနဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
