ဒီလို ဂါရဝပြုကြတဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေကို တိုင်းပြည်အခြေအနေ မပြတ် လေ့လာနေဖို့ အမှာစကား ပြောခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်၊
"ဒီမှာ စီးပွားရှာတာကတော့ ကိုယ့်ရဲ့ဝမ်းစာရေးအတွက်ပေါ့လေ။ သို့သော်လည်းပဲ မိမိမှာ ပြည့်စုံကုံလုံတဲ့အခါမှာ ဘေးမှာရှိတဲ့ ပုဂ္ဂိုလ်တွေ ပြည့်စုံကုံလုံအောင် လုပ်ရင်းနဲ့ နိုင်ငံအတွက်ကိုပါ ထပ်မံပြီး ပြည့်စုံအောင်လုပ်နိုင်ဖို့ နည်းလမ်းတွေ စဉ်းစားရှာဖွေ လုပ်ကိုင်နိုင်အောင်လို့၊ တိုင်းပြည်ရဲ့ အခြေအနေကိုလည်း မပြတ် နားထောင်ပြီးတော့ တတ်နိုင်သမျှ ကိုယ့်အချင်းချင်း ကူညီစောင့်ရှောက်နိုင်အောင် လုပ်ကြဖို့ ဒါလေးတွေ ပြောတယ်"
ဦးတင်ဦးဟာ မနက်ဖြန်မှာ မျက်စိ အခြေအနေ ထပ် စစ်ဆေးပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံ ပြန်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ဦးတင်ဦးဟာ ၁၉၇၆ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ် တာဝန်က ရပ်ဆိုင်းခံရပြီး အဖမ်းဆီးခံရပါတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့် ဦးဆောင်တဲ့ နိုင်ငံတော်လုပ်ကြံ ပုန်ကန်မှုကို သိလျက် ထိန်ချန်တဲ့အမှုနဲ့ ၁၉၇၇ ခုနှစ်မှာ ပြစ်ဒဏ် ကျခံရပါတယ်။
၁၉၈၈ လူထုအုံကြွမှု ဖြစ်ပွားပြီးနောက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ခေါင်းဆောင်တဦး ဖြစ်လာပြီး ၁၉၈၉ ခုနှစ်နဲ့ ၂၀၀၃ ဒီပဲရင်း အရေးအခင်းမှာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။
ကာကွယ်ရေးဦးစီးချုပ် တာဝန်က ရပ်ဆိုင်းခံရပြီးနောက် စင်ကာပူနိုင်ငံမှာ မျက်စိ ခွဲစိတ်ကုသဖို့ ပထမဆုံးအကြိမ် ပြည်ပကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
စင်ကာပူရောက် မြန်မာမိသားစုက ကထိန် သင်္ကန်းကပ်လှူပွဲနဲ့ တပါတည်း ကျင်းပတဲ့ သူရဦးတင်ဦးကို ဂါရဝပြုပွဲ အကြောင်း ဦးတင်ဦးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00