ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းတွေ တိုးချဲ့သွားဖို့ ဝန်ကြီး ဦးအောင်မင်း ပြောကြား

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်လာတာနဲ့အမျှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို တိုးချဲ့ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်တွင်းပြည်ပ အင်ဂျီအိုတွေ ပညာရှင်တွေနဲ့ တွေ့ဆုံပွဲ အခမ်းအနားမှာ ဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်တာပါ။

"ကျေးလက်ဒေသဖွံ့ဖြိုးရေးက ငြိမ်းချမ်းရေးမရှိဘဲမရပါဘူး၊ အခုငြိမ်းချမ်းရေးကို မရရအောင် ကျနော်တို့ဆောင်ရွက်နေပါတယ်၊ ငြိမ်းချမ်းရေးရှိလာတာနဲ့အမျှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကိစ္စများကို တိုးချဲ့ပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်"

မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။