ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ ဝန်ကြီးဌာန ၁၅ ခုနဲ့ ပတ်သတ်တဲ့ အမှုပေါင်း ၄၇ မှုကို တင်ပြခဲ့ပြီး အဲဒီဝန်ကြီးဌာန ၁၅ ခုဟာ နိုင်ငံတော်က ချပေးတဲ့ငွေ အရ၊ အသုံးနဲ့ နိုင်ငံတော်က ရရမယ့်ငွေတွေနဲ့ ပါတ်သက်လို့ အလွဲသုံးမှု၊ ပိုသုံးထားမှု၊ မရိုးဖြောင့်တဲ့သဘောနဲ့ ဆောင်ရွက်ထားမှုတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့တဲ့ ဝန်ကြီးဌာန ၁၅ ခုမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့ ပါဝင်ပါတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အရအသုံးဘတ်ဂျက်နဲ့ ပတ်သတ်ပြီး ဝန်ကြီးဌာန ၁၅ ခုနဲ့ ပတ်သတ်တဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ နိုင်ငံတော်ကို ပေးသွင်းရမယ့် နစ်နာငွေ ကျပ်ငွေ ၅၈ ဘီလျံကျော်နဲ့ အမေရိကန်ဒေါ်လာ ၂သိန်း ၃သောင်းကျော် အနက် ပေးသွင်းရန်ကျန်ရှိငွေတွေထဲမှာ ဝန်ထမ်းတွေရဲ့ မှားယွင်းမှုနဲ့ အလွဲသုံးစားမှုကြောင့် ပြန်လည်ပေးသွင်းရမည့်ငွေက ကျပ်သန်းပေါင်း ၁၄၃သန်းကျော်ရှိနေတယ် လို့ ပြည်ထောင်စုစာရင်းစစ်ချုပ်တင်သွင်းတဲ့ အစီရင်ခံစာအရ သိရပါတယ်။
