မြန်မာနိုင်ငံ စီးပွားရေးမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးလို့ စစ်တမ်းမှာဖော်ပြ


2014.05.06
umfcci-305 UMFCCI ရုံးချုပ်မှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့လေ့လာတွေ့ရှိချက်တွေကို မေလ ၆ ရက်နေ့က ဆွေးနွေးနေစဉ်
Photo:Kyaw Zaw Wiin/ RFA

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ အဂတိလိုက်စားမှုဟာ အဆိုးဝါး ဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ကောက်ခံပြီး ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) ရုံးချုပ်မှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့လေ့လာတွေ့ရှိချက်တွေကို ဒီနေ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကုန်သည်စက်မှု အသင်းချုပ် ဒေါ်ခင်ခင်နွယ်က ဒီနေ့ ထုတ်ပြန်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်စစ်တမ်းအကြောင်း အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ အလွှာအသီးသီးကို တိုင်နဲ့ပြည်နယ်အနှံ့ပေါ့နော်၊လုပ်ငန်းပေါင်းစုံအနှံ့ ကဏ္ဍစုံအောင်လေ့လာပြီး ဒီလုပ်ငန်းဌါနပေါင်း ၃၀၅၅ ခုအထိ လေ့လာပြီးတော့ ထွက်လာတဲ့စစ်တမ်း ဟာ ပထဆုံးအကြိမ် ဖြစ်ပါတယ်၊ဒါကြောင့်မို့လို့ ဒါကိုလုပ်နေစေချင်တဲ့ စိတ်ဝင်စားခဲ့တဲ့ ဒါကြောင့်မို့ ဒီနေ့လည်းဒါကို ရအောင်တက်ပြီးတော့ နားထောင်ခဲ့ခြင်းဖြစ်ပါတယ်"

ဒီစီးပွားရေးဆိုင်ရာ အချက်အလက် ကောက်ခံမှုစစ်တမ်းကို မြန်မာနိုင်ငံက အသေးစား၊ အလတ်စား နဲ့ အကြီးစား လုပ်ငန်းပေါင်း ၃၄၀၀ ကို မေးခွန်းတွေမေးမြန်းပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေအများစု က ဖြေဆိုတဲ့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေမှာ အကတိလိုက်စားမှုက ထိပ်ဆုံးကဖြစ်ပြီး ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ နည်းပညာချို့တဲ့မှုနဲ့ စီးပွားရေးလုပ်ငန်း ရပ်တည်နိုင်ဖို့ မြေနေရာ အဆောက်အဦးရှားပါးမှုတွေကိုလည်း ရင်ဆိုင်နေရအကြောင်း စစ်တမ်းမှာ ဖေါ်ပြထားပါ တယ်။

အဲဒီစစ်တမ်းကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI ၊ ကုလသမဂ္ဂ လက်အောက်ခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတစ်ခုဖြစ်တဲ့ UNESCAP ၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတဲ့ OECD တို့က ပူးတွဲပြီး စစ်တမ်းကောက်ယူူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်တမ်းကို ပြည်နယ်နဲ့ တိုင်း ၁၄ ခုက မြို့တွေအပြင် နယ်စပ်ကုန်သွယ်မှုမြို့တွေဖြစ်တဲ့ မြဝတီ၊ မူဆယ် ၊ ကော့သောင်း၊ တမူးစတဲ့မြို့တွေအထိ ကောက်ယူခဲ့တာလို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းသတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။