ကုလ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ မြန်မာနိုင်ငံ ရောက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာ ကော်မတီ အမှုဆောင် ညွှန်ကြားမှူးချုပ်ရုံး (CTED) ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူက မနေ့က ပြောကြားလိုက်ပါတယ်။

အခုလို ရောက်နေတာဟာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များ အကောင်ထည်ဖော်မှု အခြေနေကို လေ့လာဖို့လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ၂၀၀၁ နဲ့ ၂၀၀၅ ခုနှစ်တွေက ချမှတ်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာမှုရှိမရှိ စိစစ်သွားမယ်လို့ ကုလသမဂ္ဂပြောခွင့်ရသူ Farhan Haq က ပြောပါတယ်။ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေကြောင်း၊ အသေးစိတ် စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြီး မြန်မာအာဏာပိုင်တွေနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၇၃၊ ၁၆၂၄ တို့ကို ဆွေးနွေးမှာဖြစ်သလို အကြမ်းဖက်မှု တိုက်ဖျက်ရေး စွမ်းရည်မြှင့်တင်ရေး ကိစ္စတွေလည်း ဆွေးနွေးဖို့ရှိကြောင်း Mr. Haq က ပြောပါတယ်။ ၂၀၀၁ ခုနှစ်က ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၇၃ မှာ အဖွဲ့ဝင် နိုင်ငံတိုင်းအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အကြမ်းဖက် အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တာ ရပ်တန့်ရေး ကိစ္စတွေ ဆောင်ရွက်ဖို့ ပါရှိပြီး ၂၀၀၅ ခုနှစ် ဆုံးဖြတ်ချက် အမှတ် ၁၆၂၄ မှာတော့ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိပါးတဲ့ အကြမ်းဖက်မှုတွေ အားလုံး တိုက်ဖျက်ရေးနဲ့ ကာကွယ်ရေးတွေ ပါဝင်ပါတယ်။