ညနေပိုင်းမှာ စစ်တွေမြို့မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေက တာဝန်ရှိသူတွေ၊ ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်)၊ သဘာဝဘေးဒုက္ခ ကယ်ဆယ်ရေး ကော်မတီ (ရန်ကုန်)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး အဖွဲ့ (ရခိုင်ပြည်နယ်) စတဲ့ အဖွဲ့အစည်းတွေ ပါဝင်တဲ့ လူမှုရေး အဖွဲ့အစည်း ၆ ခုက တာဝန်ရှိသူတွေနဲ့ နိုဗယ်ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
သံအဖွဲ့နဲ့ ဆွေးနွေးဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုခိုင်ကောင်းစံက RFA ကို အခုလို ပြောပါတယ်။
"သူတို့ကတော့ နှစ်ဘက်လုံးကို နားထောင်မယ် ပြောပါတယ်။ ဒါကတော့ ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမယ့် မောင်တောဖြစ်တဲ့ ဖြစ်စဉ်မှာ လက်နက်ကိုင်ထားတဲ့ လုံခြုံရေး အင်အားတွေ ရှိပါလျှက်နဲ့ မီးရှို့ခံရတယ် ဆိုတာ ဒါတရားဥပဒေ စိုးမိုးမှု မရှိဘူး။ တကယ်ဆို နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်ကလည်း ဒီလူမျိုးဟာ ဒီကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဌာနေ တိုင်းရင်းသားတွေထဲမှာ မရှိဘူး လူမျိုးနွယ်စု တစ်ခု မဟုတ်ဘူး။ အဲဒီတော့ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတဲ့ အဖြေက ရှင်းရှင်းလေးပါ။ အဲဒါကို မရှည်သင့်ဘဲနဲ့ ရှည်လျားပြီးတော့ ဖြစ်နေတဲ့အကြောင်းကို ကျွန်တော်တို့ မီးမောင်း ထိုးပြတယ်"
လူမှုရေး အဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်ကို ဗြိတိသျှ အင်္ဂလိပ်တို့ အုပ်ချုပ်စဉ် ကာလက တစ်ဘက် နိုင်ငံကနေ တရားမဝင် ဝင်ရောက်အခြေချ နေထိုင်လာခဲ့တဲ့ ဘင်္ဂါလီလူမျိုးတွေ အနေနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ သမိုင်းတစ်လျှောက်မှာ မကြာခဏ ပဋိပက္ခတွေ ဖြစ်ခဲ့ရတဲ့ အတွက် အတူယှဉ်တွဲ နေထိုင်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း၊ ဒါ့အပြင် နိုင်ငံတကာ အနေနဲ့ ဒေသတွင်း သမိုင်းကြောင်းတွေကို အတွင်းကျကျ မသိဘဲ လူ့အခွင့်အရေးကို ဦးတည်ချဉ်းကပ်ခဲ့တဲ့ အတွက် မှားယွင်းမှုတွေ ရှိနေကြောင်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးမှုတွေ အပေါ်မှာ ဗြိတိန် သံအမတ်ကြီးက ပဋိပက္ခတွေကို လေ့လာတဲ့အခါ မကြားဖူးသေးတဲ့ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာတွေနဲ့ အမျိုးသားရေးဆိုင်ရာ ကြန်အင်လက္ခဏာ၊ စီးပွားရေးရာ စတဲ့ ကိစ္စတွေအပေါ် သူတို့အနေနဲ့ စိုးရိမ်မှုတွေ ဖြစ်ရကြောင်း၊ လက်ရှိပြဿနာကို တစ်ထိုင်တည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘဲ ကာလတိုရှည် စီမံကိန်း ချမှတ်ဖြေရှင်းဖို့ လိုအပ်ကြောင်းနဲ့ တရားဥပဒေ စိုးမိုးရေးရှိဖို့ လိုအပ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့တယ်လို့ ကိုခိုင်ကောင်းစံက ပြောဆိုပါတယ်။ ဗြိတိန်သံအဖွဲ့ဟာ ဒီကနေ့ မောင်တောမြို့နယ်က ဒေသခံတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
