ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၂၂ ကြိမ်မြောက် အစည်းအဝေးကို မနေ့က စတင်ခဲ့ပါတယ်။ ရက်သတ္တပတ်လေးပတ် ကြာမြင့်မယ့် အဲဒီအစည်းအဝေးမှာ မြောက်ကိုရီးယား၊ ဆီးရီးယား၊ မြန်မာနဲ့ အီရန်နိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အဓိကဆွေးနွေးမယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲမတိုင်ခင်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas OjeaQuintana က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုသော်ငြားလည်း၊ အဓိကဖြေရှင်းရမယ့် လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း၊အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေရဲ့အရေးဟာ အထူးစိုးရိမ်စရာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တာဝန်ခံမှုဆိုင်ရာကိစ္စတွေကို ဖြေရှင်းဖို့၊ ဒါဟာအမျိုးသားရင်ကြားစေ့ရေးအတွက် အလွန်အရေးကြီးသလို၊ နောင်မှာလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးနိုင်မှာလည်းဖြစ်ကြောင်း Mr. Quintana က တိုက်တွန်းခဲ့ပါတယ်။
မစ္စတာ Quintana ဟာ ဒီလအစောပိုင်းက မြန်မာနိုင်ငံကို ငါးရက်ကြာ သွားရောက်ခဲ့ပါတယ်။
မနေ့ကစတင်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ (၂၂) ကြိမ်မြောက် အစည်းအဝေး ပထမနေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ဆီးရီးယားနိုင်ငံမှာ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ၊ အစီအစဉ်ရှိရှိ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေအကြောင်း အစီရင်ခံချက်တွေရရှိနေပေမဲ့၊ လုံခြုံရေးကောင်စီအနေနဲ့ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။