ကုလအထူးကိုယ်စားလှယ် (၈၈) မျိုးဆက်နှင့် တွေ့ဆုံံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

အကျဉ်းထောင်တွေကနေ လွတ်မြောက်လာပြီးနောက် (၈) လတာ ကာလအတွင်း ဆောင်ရွက်ခဲ့တာတွေကို မေးမြန်းခဲ့သလို လက်ရှိတိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ (၈၈)မျိုးဆက် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း မစ္စတာနမ်ဘီယာက ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

"အလုပ်သမားလုပ်ခလစာ အငြင်းပွားမှု ပြဿနာ၊ နောက်လယ်ယာမြေတွေ သိမ်းဆည်းခံရတဲ့ ပြဿနာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့ ပါဝင်ဆောင်ရွက်တဲ့ ကိစ္စ၊ နောက်ဆုံး ဒီရခိုင်ကိစ္စ ပြီးတော့ ကျွန်တော်တို့ ဒီပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ စောင်ကြည့်လေ့လာမှု ကွန်ယက်လုပ်ခဲ့တဲ့ ကိစ္စတွေ ကျွန်တော်တို့ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ တော်တော်များများလည်း ပြောပြဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်တာတွေရော၊ ကျွန်တော်တို့ ကော်မရှင် စုံစမ်းလေ့လာခဲ့တဲ့ အချက်တွေ အကြမ်းဖျင်းပေါ့လေ၊ အဲတာတွေ ကျွန်တော်တို့ ပြောဖြစ်ပါတယ်"

ရန်ကုန်မြို့ Bangkok Kitchen စားသောက်ဆိုင်မှာ မစ္စတာနမ်ဘီယာနဲ့ ညစာစားပွဲကို (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စား ကိုကိုကြီး၊ မမီးမီး၊ မနီလာသိန်းအပါအဝင် စုစုပေါင်း (၆) ဦး တက်ရောက်ခဲ့ပါတယ်။

မစ္စတာနမ်ဘီယာဟာ ဒီကနေ့ ရန်ကုန်မြို့မှာ စတင်ကျင်းပနေတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ National Identity and Citizenship အလုပ်ရုံဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။