မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စ ဆွေးနွေးဖို့ ကုလသမဂ္ဂကို အဖွဲ့အစည်း ၅၀ နီးပါး တိုက်တွန်း

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဟာ စိုးရိမ်ဖွယ်ဆက်လက်ရှိနေဆဲ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မကြာခင် ဂျနီဗာမှာမြို့ကျင်းပမယ့် ၂၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေး သွားဖို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄၈ ဖွဲ့က အိပ်ဖွင့်ပေးစာတစ်စောင်ကို ဒီကနေ့ နေ့စွဲနဲ့ ပေးပို့ တိုက်တွန်းလိုက်ပါတယ်။

အခုလို အိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုရတာနဲ့ ပတ်သက်လို့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့ Burma Partnership ရဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာ က ပြောပါတယ်။

"ကျမတို့ မြန်မာနိုင်ငံအကြောင်းကို လူ့အခွင့် အရေးကောင်စီရဲ့ လုပ်ထုံးလုပ်နည်း အဆင့် ၄ အောက်မှာထားပေးဖို့ ဆက်ပြီးတောင်းဆိုတာပါ၊ လူ့အခွင့်အရေး အခြေအနေကို အရေးကြီးလို့ကို အခြေအနေစိုးလို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့အတွက်ကို သီးသန့်ထားရတဲ့အဆင့် ဖြစ်ပါတယ်၊ အဲဒါကို တချို့က အခုမြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ လူ့အခွင့် အရေးကောင်စီထံ စဉ်ဆက်မပြတ် အထူးဦးစားပေးစောင့်ကြည့်ဖို့ မလိုတော့ဘူး၊ မြန်မာနိုင်ငံ မှာ ကောင်းနေပြီ၊ ပြောင်းနေပြီဆိုပြီးတော့မှ ဒီအဆင့် ၄ ကနေပြီးတော့မှ အဆင့် ၁ဝ ကိုပြောင်းဖို့ စည်းရုံးလုပ်ဆောင်ရေးတွေ လုပ်နေတာရှိပါတယ်၊ လူ့အခွင့်အရေးကောင်စီကနေပြီးတော့မှ မြန် မာနိုင်ငံရဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို ဆုံးဖြတ်ချက်ချနေတာတွေကိုလည်း ရပ်တန်းကရပ်ဖို့အတွက် ပြောနေတာတွေရှိတယ်၊ ဒါကြောင့်မို့ ကျမတို့က အဲလိုမျိုး ရပ်တန်းကရပ်လို့ မရသေးဘူး၊ လူ့အခွင့်အရေး အခြေအနေတွေက မတိုးတက်နေသေးဘူး၊ တချို့နေရာမှာဆို ပိုတောင်ဆိုးနေတယ်၊ ဒါကြောင့်မို့ လုပ်ပိုင်ခွင့်အပြည့်အဝနဲ့ မြန်မာအစိုးရကနေပြီးတော့ မှ ပေးဖို့လိုပါတယ်ဆိုတဲ့ဥစ္စာကို ကျမတို့က တင်ပြထားတာပါ"

လာမယ့် သီတင်းပါတ်တွေအတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချမှာဖြစ်ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေနေတွေကို အစီရင်ခံတင်ပြမှာ ဖြစ်ပါတယ်။

ဒီနေ့ လူ့အခွင့်အရေးကောင်စီကို အိတ်ဖွင့်ပေးစာပေးပို့တဲ့ အဖွဲ့အစည်း ၄၈ ဖွဲ့ထဲမှာ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့၊ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့၊ WLB မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။