ကုလလူ့အခွင့်အရေးရုံး ဖွင့်လှစ်ရေးအစီအစဉ် မြန်မာပယ်ချ

0:00 / 0:00

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တောင်းဆိုထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးခွဲတစ်ခုကို မြန်မာနိုင်ငံမှာ ဖွင့်ဖို့မလိုအပ်ကြောင်း မြန်မာသံအမတ်ကြီး ဦးမောင်ဝေက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပြောပါတယ်။

နိုင်ငံတကာက တင်ပြထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်တွေထဲကို မြန်မာ သံအမတ် ဦးမောင်ဝေက ပြန်လည်ရှင်းလင်းရာမှာ ထည့်သွင်းဆွေးနွေးသွားတာလို့ အဲ့ဒီညီလာခံတက်ရောက်နေ တဲ့ "ညီမျှခြင်းမြန်မာ" အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

"လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကို ဖွင့်ပေးမယ်ဆိုပြီး အရင်တုန်းကတော့ အသိပေးခဲ့ပါတယ်၊ ဒီတစ်ခေါက်မှာကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာပြည်မှာဖွင့်ဖို့အတွက် သူတို့ မလိုက်လျောနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ လူကိုမလိုအပ်တော့ဘူး၊ ဝန်ထမ်း ၂ ဦးနဲ့ပဲ သူတို့ဆက်ပြီးတော့ သွားလို့ရနေပါတယ်ဆိုတဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်း ငြင်းဆိုသွားတာ တွေ့ ရပါတယ်"

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေအပေါ် နိုင်ငံတကာက တင်ပြထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက် ၂၈၁ ချက်ရှိပါတယ်။ လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ နိုင်ငံတကာ လူ့အခွင့်ရေးဆိုင်ရာ စာချုပ်တွေကိုလိုက်နာဖို့၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ ပညာရေး ကျန်းမာရေး ဖံ့ွဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့၊ လူကုန်ကူးမှု တိုက်ဖျက်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူနည်းစုတွေကို ခွဲခြားထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲ့ဒီထဲက အကြံပြုချက် ၁၆၆ ချက်ကို အစိုးရက လက်ခံပြီး အချက်အတော်များများကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ပယ်ချခဲ့တဲ့ အချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူးဆိုပြီး ဆွေးနွေးခဲ့သလို၊ မျိုးစောင့်ဥပဒေတွေ ကို ပြင်ဆင်ဖို့ ဆိုတာကိုလည်း ငြင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yan Hee Lee က ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာ ရှမ်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တိုးလာတာတွေ၊ ကလေးစစ်သား အသုံးချခံရတာတွေ၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေနဲ့ ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပျောက်ဆုံးနေတာတွေကို ထည့်သွင်းထားပါတယ်။

အဲ့ဒီညီလာခံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ် ၂၄ ရက်နေ့အထိ ကျင်းပတာဖြစ်ပြီး ၄ နှစ် တစ်ကြိမ် ကျင်းပတာဖြစ်ပါတယ်။ အဲ့ဒီ ညီလာခံကို မြန်မာအစိုးရကိုယ်စားလှယ်တွေ တက်ရောက်နေသလို လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။

ညီလာခံတက်ရောက်နေတဲ့ "ညီမျှခြင်းမြန်မာ" အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။