အကူညီပေးရေး ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ကုလကိုယ်စားလှယ် ဆွေးနွေး
2014.06.13
ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဒုတိယအရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Ms. Kyung-Wha Kang ဟာ ဒီကနေ့ ကချင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံပြီး စစ်ဘေးဒုက္ခသည်စခန်းတွေကို အကူအညီပေးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဒီနေ့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကေအိုင်အိုတို့ရဲ့ နယ်မြေဘက်ကို ဒီ့ထက်ပိုပြီးတော့ သွားချင်တာပေါ့၊ ပိုပြီးတော့ သွားလို့ရအောင်ဆိုရင်တာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တိုးတက်လာရင် တိုးတက်သလိုပေါ့၊ အခုဆိုလည်း တောက်လျှောက်သွားနေပြီ၊ ဒီ့ထက်ငြိမ်းချမ်းရေးပိုရမယ် အပစ်အခတ်ရပ်စဲမယ် ဆိုရင်တော့ လွတ်လွတ်လပ်လပ်ပေါ့ သွားလို့ရမှာပါ၊ ကချင်ပြည်နယ်မှာ ဘယ်နေရာမှာပဲနေနေ ကျနော်တို့ ပြည်နယ်သားပဲဖြစ်တယ်၊ ကျနော်တို့က သူတို့ကိုကူညီဖို့အတွက် UN မှ မဟုတ်ဘူး၊ INGOs မှ မဟုတ်ဘူး၊ NGO မှ မဟုတ်ဘူး၊ Donor မှ မဟုတ်ဘူး ဘယ်သူပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ ပြည်နယ် သူပြည်နယ်သားကို ကူညီမယ်ဆိုရင်တော့ အားလုံးကိုကြိုပါတယ်ဆိုတဲ့အကြောင်း ပြောဖြစ်တာပါ"
ဒါ့အပြင် ဒုက္ခသည်တွေ နေရပ်ပြန်ချိန်မှာ ရင်ဆိုင်ကြုံတွေ့ရမယ့် မြေမြုှပ်မိုင်းရှင်းလင်းရေး ကိစ္စတွေအပါအဝင် ပြန်လည်ထူထောင်ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Ms. Kyung-Wha Kang ဟာ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒီနေ့ညနေမှာ ဝိုင်းမော်မြို့နယ်က စစ်ပြေးဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို ကချင်ပြည်နယ်ခရီးစဉ် မတိုင်ခင်ကလည်း ရခိုင်ပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေကို သွားရောက် လေ့လာခဲ့ပါတယ်။