ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဆန်းစစ်ကြဖို့ ကုလကိုယ်စားလှယ် ပြော

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတချို့ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Quintana က မနေ့က ပန်ကြားလိုက်ပါတယ်။

ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မိမိအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းပေးရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ လူ့အခွင့်အရေးကိစ္စ ဖြစ်နေတဲ့အတွက် သေသေချာချာ အသေးစိတ် ပြန်လည်ခွဲခြမ်းစိတ်ဖြာဆန်းစစ်ဖို့သာ ဖြစ်ကြောင်း Mr. Quintana က ရှင်းလင်း ပြောဆိုပါတယ်။ “ပိတ်ဆို့အရေးယူမှုတွေဟာ တချို့နေရာတွေမှာ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေရပါမယ်။ အထူးသဖြင့် စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေအတွက် ဆုချရုံနဲ့ မပြီးဘဲ ဒီနယ်ပယ်တွေက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလည်း လူသိရှင်ကြား ဖော်ထုတ်ရမယ့်တာဝန် ရှိပါတယ်။ မြန်မာနိုင်ငံက လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေမှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမယ့် အလွန်စိုးရိမ်စရာ လူ့အခွင့်အရေးပြဿနာတွေကလည်း ရှိနေတုန်းပါပဲ။ ပြုပြင်ပြောင်းလဲမှုတွေကို တွန်းလုပ်နေတာနဲ့ ဒါတွေကို မသိကျိုးကျွံ ပြုထားလို့မရပါဘူး။ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင်လည်း ကြိုးစားရပါမယ်” လို့ Mr.Tomas Quintana က ပြောပါတယ်။ ဒါ့ပြင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လေးစားမှသာ အမျိုးသားရင်ကြားစေ့ဖို့၊ တည်ငြိမ်အေးချမ်းဖို့ အာမခံနိုင်မှာဖြစ်ကြောင်း၊ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရမှုဆိုတာကလည်း အဲဒီနေ့ တစ်နေ့တည်းမဟုတ်ဘဲ လုပ်ငန်းစဉ်တစ်ခုလုံးနဲ့တကွ ရွေးကောက်ပွဲပြီး အခြေအနေတွေကိုပါ ကြည့်ရှုရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။