မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲ လုံခြုံရေးကောင်စီ ကြိုဆို

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ အရေးကြီးတဲ့ တိုးတက်မှု တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ကြားဖြတ် ရွေးကောက်ပွဲအပေါ် မြန်မာ့ ဒီမိုကရေစီရေး အပြောင်းအလဲတွေ ခိုင်မာရေးအတွက် အရေးပါတဲ့ သမိုင်းဝင်ခြေလှမ်းအဖြစ် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကြိုဆိုကြကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် မစ္စ ဆူဆန် ရိုက်စ်က ပြောပါတယ်။

မစ္စ ဆူဆန် ရိုက်စ်ဟာ လက်ရှိ လုံခြုံရေးကောင်စီရဲ့အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ တံခါးပိတ်ဆွေးနွေးပွဲအပြီး အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားက မြန်မာ့ကြားဖြတ် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်ဖွယ်ရာ ရှိတဲ့အပြင် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးခဲ့ကြောင်း၊ မဲစာရင်းကွာဟတာ စတဲ့ ကိစ္စလေး တချို့ရှိခဲ့ပေမဲ့ မဲရလဒ်ကို ထိခိုက်လောက်အောင် မဟုတ်ကြောင်း ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ကနဦးအစ အဆင့်တွေမှာသာ ရှိနေသေးတယ်လို့ မစ္စ ဆူဆန် ရိုက်စ် က ပြောဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ထပ်မံသွားရောက်မှာ ဖြစ်ကြောင်း မစ္စတာ ဗီဂျေး နမ်ဘီယားက ပြောပါတယ်။