ကုလအထူးကိုယ်စားလှယ်နဲ့ ၈၈မျိုးဆက်တွေ မြန်မာ့ အရေး ဆွေးနွေး

မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေးနမ်ဘီးယားဟာ မနေ့ညနေက ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ရန်ကုန်မြို့က ၈၈မျိုးဆက်ရုံးမှာ တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မိတ္ထီလာမြို့က အဓိကရုဏ်းကိစ္စကို အဓိကထားဆွေးနွေးကြပြီး၊ မြန်မာနိုင်ငံသား အများစုဟာ အကြမ်းဖက်သမားတွေ မဟုတ်တဲ့အကြောင်းနဲ့ တိုင်းသူပြည်သားအချင်းချင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ယုံကြည်တဲ့အကြောင်း ကိုမင်းကိုနိုင်က မစ္စတာနမ်ဘီးယားကို ပြောဆိုလိုက်တယ် လို့သိရပါတယ်။

မစ္စတာနမ်ဘီးယားကလဲ မြန်မာနိုင်ငံက ပြသနာတွေနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံ ပြဿနာထိပ်တန်းရောက်လာမှာ မလိုလားတဲ့အကြောင်း ပြောဆိုတယ်လို့သိရပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေ တခြားဒေသတွေကို မကူးဆက်အောင်၊ နောက်ထပ်အသက်ဆုံးရှုံးမှုတွေမဖြစ်အောင် အစိုးရက ကွင်းဆင်းဆောင်ရွက်သင့်ကြောင်း၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်တွေကလည်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ပြည်သူတွေအနေနဲ့ တရားဥပဒေကို လေးစားလိုက်နာကြဖို့ တွန်းအားပေးသင့်ကြောင်း မစ္စတာဗီဂျေနမ်ဘီးယားက ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက မတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာ ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးခဲ့ပါတယ်။

ဒီလိုဂုဏ်ပြုတဲ့အတွက် အလွန်ဝမ်းမြောက်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားမှာ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအတွက် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားကြပဲ ယုံကြည်မှုနဲ့လက်တွဲဆောင်ရွက်ခဲ့ကြတဲ့အတွက် အောင်မြင်ခဲ့တာလို့ ယူဆတဲ့အကြောင်းပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်အတွက် ညီညီညွှတ်ညွှတ်ဆောင်ရွက်နိုင်အောင် ဦးဆောင်မှုပေးခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

အဲဒီအခမ်းအနားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အခုလို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံရတဲ့အကြောင်း ရှင်းလင်းပြောဆိုတယ်လို့သိရပါတယ်။