ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ နိုင်ငံတကာလွှတ်တော်သမဂ္ဂ IPU တို့က ပူးပေါင်းပြီး ပြည်ထောင်စု အဆင့်လွှတ်တော်ကိုယ်စားလှယ်တွေအတွက် မနက်ဖြန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကစပြီး စွမ်းရည်မြှင့် သင်တန်းပို့ချပေးသွားမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အားလုံးကို သင်တန်းပို့ချတာဟာ အခုတစ်ကြိမ် ပထမဆုံးဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။
"အရင်တုန်းက ဒီလိုလွှတ်တော်ကိုယ်စားလှယ် အကုန်လုံးကိုမပေးဘူး၊ ဥပဒေရေးရာနဲ့ ပတ်သက်လို့ရှိရင် အယောက် ၂ဝ တို့၊ အယောက် ၂၅ တို့လောက်ပဲပေးပါတယ်၊ အန်တီတို့လည်း တက်ဖူးပါတယ်၊ ဒါပေမယ့် ဒီလိုမျိုးလွှတ်တော်ကိုယ်စားလှယ် အကုန်လုံးကိုတော့ တစ်ခါမှမပေးဖူးပါဘူး၊ ဒါပထမဆုံးပါပဲ"
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိဖြစ်ပြီး သင်တန်းကာလ ၅ ရက် အတွင်း လွှတ်တော် နှစ်ရပ်လုံးကို ရပ်နားထားမှာဖြစ်ပါတယ်။
လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေကို ပြန်လည်ခေါ်ယူမှာဖြစ် ပါတယ်။
ပြည်ထောင်စုလွှတ်တော်အတွင်းက သဘင်ဆောင်မှာ သင်တန်းပို့ချမှာဖြစ်ပြီး ဗြိတိန်၊ တီမောနဲ့ အင်ဒိုနီးရှားနိုင်ငံတွေ က လွှတ်တော်ကိုယ်စားလှယ်အဟောင်းတွေက လာရောက်ပို့ချပေးမှာဖြစ်တယ်လို့ ပြောပါတယ်။