လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရ စုံစမ်းစစ်ဆေးဖို့ ကုလ တိုက်တွန်း

မြန်မာအစိုးရအနေနဲ့ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများအပြားရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့လိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မနေ့က ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

အဲဒီလူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းရေးအဖွဲ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိဖူးလို့ပြောဆိုတဲ့ သတင်းမှန်သမျှကို လွတ်လပ်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးရမယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ကြာသပတေးနေ့ ဆုံးဖြတ်ချက်မှာ ဖေါ်ပြထားပါတယ်။

ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ အကျဉ်းစခန်းတွေရဲ့အခြေအနေတွေနဲ့ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညှင်းပန်းမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကို မြန်မာအစိုးရက အသေအချာ စုံစမ်းစစ်ဆေးဖို့လည်း လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မနေရာဒေသ ပြောင်းရွေ့ခိုင်းမှုတွေ၊ လယ်မြေယာမြေ သိမ်းပိုက်မှုတွေ၊ မုဒိမ်းမှုအပါအဝင် အနိုင်ကျင့်စော်ကားမှု၊ လူမဆန် နှိမ့်ချဆက်ဆံမှုတွေ ရှိနေဆဲပဲဆိုတဲ့ သတင်းတွေအတွက် အထူးစိုးရိမ်ပူပန်ကြောင်းဖြင့်လည်း ကုလဆုံးဖြတ်ချက်မှာ ဖေါ်ပြထားပါတယ်။

EU ဥရောပသမဂ္ဂက ကမကထပြုတင်သွင်းတဲ့ အဲဒီအဆိုပြုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံက တညီတညွှတ် ထောက်ခံပြဌာန်းခဲ့တယ်လို့ သိရပါတယ်။

ဂျနီဗာမြို့ ကုလသမဂ္ဂရုံးဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးမောင်ဝေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က အခုလိုစုံစမ်းစစ်ဆေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ယေဘူယျအားဖြင့် လက်ခံပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံနိုင်ကြောင်း၊ အဲဒီစွပ်စွဲချက်တွေဟာ မြန်မာပြည်ရဲ့ လက်ရှိပကတိ အခြေအနေတွေနဲ့ ကိုက်ညီခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုတယ်လို့ သိရပါတယ်။