စစ်မှန်သော ရွေးကောက်ပွဲအခြေအနေ မတွေ့ကြောင်း ကုလမဟာမင်းကြီး ပြောကြား

မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း စစ်မှန်တဲ့ ရွေးကောက်ပွဲတခုဖြစ်မဲ့ အခြေအနေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် မဟာမင်းကြီး မစ္စစ် နာဗီ ပီလေး က အောက်တိုဘာ ၂၉ ရက် ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီလို အခြေအနေတွေ ကောင်းမွန်ဖို့အတွက် စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းခဲ့တဲ့ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ လေ့လာတွေ့ရှိချက်တွေကို တင်ပြခဲ့ပါတယ်။

အဲဒီတင်ပြချက်မှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေကို ပြန်ကြည့်ရင် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီလွတ်လပ်ခွင့်တွေကို စစ်အစိုးရအနေနဲ့ လေးစား လိုက်နာသင့်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် မဟာမင်းကြီး မစ္စစ် နာဗီ ပီလေးက ပြောပါတယ်။