၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး အတူပူးပေါင်းကြိုးပမ်းဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေ ဒီကနေ့ သဘောတူညီလိုက်ကြ ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နေအိမ်မှာ UNA အဖွဲ့ဝင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ SNLD ပါတီ အတွင်းရေးမှူး ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က RFA ကို ပြောပါတယ။်
"ကျနော်တို့ သဘောတူထားတာ ၃ ခုရှိပါတယ်၊ ပထမတစ်ခုကတော့ အားလုံးပါဝင်မယ့် နိုင် ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခုဖြစ်ဖို့ နှစ်ဖက်စလုံးက ကြိုးစားမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်၊ ဒုတိယအချက်ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အခန်း ၁၂ က ၄၃၆ ပုဒ်မကို ပထမဦးဆုံးစပြီးတော့ ပြင်ဆင်ဖို့ ကြိုးစားကြမယ်ဆိုပြီးတော့ နှစ်ဖက်က သဘောတူတာပါ၊ တတိယအချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေး ဒီမိုကရေစီ နိုင်ငံရေး စနစ် ထူထောင်ရေးကို အားလုံးအတူတကွ လက်တွဲပြီးတော့ ဆောင်ရွက်သွားကြမယ်ဆိုတာကို အားလုံးသဘောတူပါတယ်"
ဒါ့အပြင် အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေဆုံဆွေးနွေးမှုတွေလုပ်ဖို့၊ ဒီမိုကရေစီရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက်လည်း UNA အဖွဲ့နဲ့ ၈၈ မျိုးဆက်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် လွှတ်တော်ပြင်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ သဘောထားတွေကို ဖေါ်ထုတ်နိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ ဒီကနေ့ တွေ့ဆုံရာမှာပါဝင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ကိုမြအေးက RFA ကိုပြောပါတယ။်
"ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်တစ်ခုတည်းကနေ ပြင်သွားမယ်ဆိုတဲ့ဟာကို ကျနော် မငြင်းပယ်ပါဘူး၊ သို့သော်လည်းပဲ လွှတ်တော်ပြင်ပ နိုင်ငံရေးကို ပစ်ပယ်ပြီးတော့လည်း ပြင်ဖို့တော့ မရဘူးဗျ၊ ကျနော်တို့အနေနဲ့မြင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲကိုမရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆန္ဒသဘောထားတွေ အများကြီးရှိတယ်၊ အဲဒီဆန္ဒသဘော ထားတွေရော အားလုံးထည့်သွင်းပေးနိုင်တဲ့ အခြေအနေသည် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ တစ်ရပ် ပေါ်ပေါက်လာရေးဖြစ်တယ်"
ဒီကနေ့ တွေဆုံပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီတို့နဲ့ UNA အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် စတဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေဟာ အစိုးရနဲ့တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ဖွဲ့စည်းထားတဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ UNA အဖွဲ့အကြား သဘောတူညီချက်နဲ့ ပတ်သက်လို့ SNLD ပါတီ အတွင်းရေးမှူး ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။