UNA တိုင်းရင်းသား မဟာမိတ်အဖွဲ့ ညီလာခံကျင်းပမည်

တိုင်းရင်းသားနိုင်ငံရေးပါတီ ၇ ခုနဲ့ ဖဲ့ွစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖဲ့ွ UNA ညီလာခံကို ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။

အဲဒီညီလာခံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖ့ွဲချုပ် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

"ပထမအချက်ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးမယ်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နောက် ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး၊ နောက်ဆုံးတစ်ချက်က ဒီမိုကရေစီနိုင်ငံရေးစနစ် တည်ထောင်ဖို့မှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုချဉ်းကပ်ကြမလဲ၊ ဘယ်လိုဖော်ဆောင်ကြမလဲဆိုတဲ့ အချက်တွေကို အဓိကထားပြီး ဆွေးနွေးဖို့ရှိပါတယ်"

UNA အဖွဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် NLD နဲ့ ဆက်လက်ပူးပေါင်းရေးကိစ္စတွေကိုလည်း အဲဒီ့ညီလာခံမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ညီလာခံကို နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖဲ့ွအစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေကိုပါ ဖိတ်ကြားထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖဲ့ွချုပ်၊ မွန်အမျိုးသားများပါတီ၊ ဇိုမီးအမျိုးသားများ ဒီမိုကရေစီပါတီ အစရှိတဲ့ တိုင်းရင်းသား ၇ ပါတီနဲ့ ဖဲ့ွစည်းထားတာ ဖြစ်ပါတယ်။