ကမ္ဘာတဝှမ်း ဒီမိုကရေစီ ထွန်းကားရေးအတွက် အားပေး ကူညီနေတဲ့ အမေရိကန်ပြည်ထောင်စု က National Endownment for Democracy - NED အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ဒီနေ့တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
NED ဥက္ကဌ မစ္စတာ ကားလ်ဂါ့ရှ်မန်း (Carl Gershman) ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးနေအိမ်မှာ ဒီနေ့ နေ့လည်ပိုင်းက UNA အဖွဲ့နဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အခြေအနေတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မကြာခင် လိုင်ဇာမြို့မှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဆွေးနွေးပွဲဟာ အရေးကြီးတဲ့အကြောင်း UNA ခေါင်းဆောင်တွေက ရှင်းပြခဲ့တယ်လို့ UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောပါတယ်။
"တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို သိချင်တယ်လို့ပြောလို့ ကျွန်တော်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အခုဖြစ်နေတာတွေကို ရှင်းပြတယ်၊ ဦးခွန်ထွန်းဦးကတော့ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှင်းပြတယ်၊ အဓိကကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ မနက်ဖြန် လိုင်ဇာမှာကျင်းပမယ့် ဆွေးနွေးပွဲက အရေးကြီးတယ်၊ အဲဒီကနေ သဘောတူညီချက်တွေ ထွက်လာနိုင်တယ်"
NED ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့ကတော့ UNA ခေါင်းဆောင်တွေကို သူတို့သိလိုတာတွေ အသေးစိတ်မေးမြန်းပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးတာမရှိဘူးလို့ သိရပါတယ်။