ယူအန်အေ တိုင်းရင်းသားအဖွဲ့ တရုတ်နိုင်ငံကို သွားရောက်မည်

တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဖိတ်ကြားချက်အရ ယူအန်အေ(UNA) ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဟာ ဇွန်လဆန်းအတွင်း တရုတ်ပြည်ကို ၁၀ ရက်ကြာ လေ့လာရေးခရီး သွားရောက်မယ်လို့ သတင်းရရှိပါတယ်။

ယူအန်အေ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ နောက်ထပ်ဆောင်ရွက်မယ့် တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ တိုက်တွန်းသွားမယ်လို့ ယူအန်အေ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

“နောင်လာမယ့် စီးပွားရေးလုပ်ငန်းတွေ အကျိုးတူလုပ်ငန်းတွေမှာလည်းပဲ ထင်သာမြင်သာရှိအောင် အထူးသဖြင့် ပြည်သူတွေကို ရှင်းရှင်းလင်းလင်းတင်ပြတဲ့ အလုပ်မျိုးတွေကိုလုပ်ဖို့ ကျနော်ကတင်ပြမယ်၊ နောက်တစ်ခုက ကြေးနီစီမံကိန်း၊ မြစ်ဆုံအပါအဝင် ရခိုင်ပြည်နယ်မှာလုပ်တဲ့ ဂက်စ်ပိုက်လိုင်းစီမံကိန်း ပြီးတော့ ရေနက်ဆိပ်ကမ်း၊ နောက်ရထားလမ်း စသည့်အားဖြင့်ပေါ့ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ပြန်ပြီးသုံးသပ်ပြီးတော့ အတတ်နိုင်ဆုံးတင်ပြမယ့် သဘောတွေရှိပါတယ်”

ခရီးစဉ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၅ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၁ ဦး၊ မွန်ဒီမိုကရေစီပါတီက ၁ ဦး၊ ဇိုမီးအမျိုးသားကွန်ကရက်က ၁ ဦးတို့ လိုက်ပါမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီတွေ၊ အမျိုးသားဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီတွေက ကိုယ်စားလှယ်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို လေ့လာရေး ခရီးသွားရောက်ခဲ့ကြပါတယ်။