လွှတ်တော်ခေါင်းဆောင်များ အစည်းအဝေး နေပြည်တော်မှာ ကျင်းပမည်

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အစီအစဉ်နဲ့ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုက လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော် ဥက္ကဌဟောင်းတွေနဲ့ လွှတ်တော်ရေးရာ ဖံ့ွဖြိုးတိုးတက်ရေးကိစ္စတွေကို လာမယ့် မတ်လ ၈ ရက်နေ့က စပြီး နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

တိုင်းနဲ့ပြည်နယ်အားလုံးက လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို နိုင်ငံတကာက လွှတ်တော်ဆိုင်ရာ အတွေ့အကြုံရှိသူတွေနဲ့ အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင် က ပြောပါတယ်။

"ဥက္ကဌနဲ့ ဒုဥက္ကဌတွေကို တိုင်းနဲ့ပြည်နယ် အကုန်ဖိတ်တယ်လေ၊ နိုင်ငံတကာကလည်းပါမှာပေါ့၊ ပါပြီးတော့မှ အတွေ့အကြုံချင်းဖလှယ်တာတို့ နောက်ပြီးတော့မှ ရှေ့ဆက်လုပ်မယ့်ဟာလေးတွေ အစီအစဉ်ဆွဲမှာတို့ အကြံပြုတာပေါ့လေ"

UNDP အဖွဲ့ဟာ အဲ့ဒီဆွေးနွေးပွဲပြီးနောက် တိုင်းနဲ့ပြည်နယ် အားလုံးက လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်ရေးရာပိုင်းနဲ့ပတ်သက်ပြီး သင်တန်းတွေပို့ချမယ့် အစီစဉ်တွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း UNDP ရဲ့ စီစဉ်မှုနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စား လှယ်တွေဟာ တောင်ကိုရီးယား၊ ဟောင်ကောင်၊ နယူးဇီလန်၊ အရှေ့တီမော၊ အင်္ဂလန်၊ ဖိလစ်ပိုင်စတဲ့ လွှတ်တော်တွေက ဥက္ကဌ၊ ဒုတိယဥက္ကဌဟောင်းတွေ၊ ကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်ဟောင်းတွေ နဲ့ ပြည်ထောင်စုလွှတ်တော်ဝင်းအတွင်းက သဘင်ဆောင်မှာ ၅ ရက်ကြာ တွေ့ဆုံပြီး လွှတ်တော်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေကို ဖလှယ်ခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ လွှတ်တော်လုပ်ငန်း အတွေ့အကြုံတွေအပြင် ဥပဒေပြဌာန်းတာတွေ၊ အစိုးရကို စောင့်ကြည့်လေ့ လာတာတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။