လေ့လာသူအဖြစ် ဖိတ်ကြားရင် ၂၁ ပင်လုံညီလာခံကို UNFC တက်ရောက်မှာမဟုတ်

ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ လေ့လာသူအနေနဲ့သာ ဖိတ်ကြားရင် NCA ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တက်ရောက်မှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

UNFC အဖွဲ့ဝင်တွေကို လေ့လာသူအဖြစ် ဖိတ်ကြားရင် တခြားတိုင်းရင်းသားတွေနည်းတူ လွတ်လွတ် လပ်လပ် ပြောဆိုဆွေးနွေးပိုင်ခွင့် တန်းတူအခွင့်အရေး ရရှိမှာမဟုတ်တဲ့အတွက် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။

"လာမယ့် ဒီ ၂၁ ပင်လုံ တက်ဖို့ဆိုတဲ့ ကိစ္စကတော့ အရင်က အန်ကယ်တို့ရဲ့ သဘောထားအတိုင်းပါပဲ၊ တကယ်လို့ လေ့လာသူအနေနဲ့ပဲ ဖိတ်မယ်ဆိုရင်တော့ မတက်ဘူး။ နောက်ပြီးတော့ တက်မယ်ဆို ရင်တော့ UNFC အဖွဲ့ဝင် အားလုံး ပါဝင်နိုင်ခွင့်ရှိစေရမယ်နော်။ တခြားအဖွဲ့တွေနဲ့ တန်းတူရည်တူ လွတ်လွတ်လပ်လပ်ပေါ့ဗျာ။ ဆွေးနွေးခွင့်ရှိတဲ့ အနေအထားမျိုးဆိုရင်တော့ တက်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါက ငြိမ်းချမ်းရေးကို လုချင်လို့ပါ။ "

UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကို ချင်းမိုင်မြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး UNFC အဖွဲ့ဝင် ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့တို့အကြား ဆွေးနွေးညှိနှိုင်းနေတဲ့အချက် ၉ ချက်ကို အစိုးရနဲ့ ဆက်လက်ညှိနှိုင်းဖို့၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ပြန်လည်ဆွေးနွေးရေးကိစ္စတွကိုလည်း တိုင်းရင်းသားတွေလက်ခံနိုင်တဲ့ အနေအထားဖြစ်အောင် ဆက်လက်ညှိနှိုင်းသွားဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်နိုင်ဖို့ လိုအပ်တဲ့အတွက် တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်သွားတဲ့အထိ စောင့်ကြည့်ပြီးမှ UNFC အဖွဲ့ရဲ့ ဒုတိယအကြိမ် ညီလာခံကို ကျင်းပသွားဖို့ ဆန္ဒရှိတယ်လို့ နိုင်ဟံသာ က ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP ၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ပါတီ LDP နဲ့ ၀ အမျိုးသားအဖွဲ့ချုပ် WNO အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေအပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။