ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှု UNFC ပြစ်တင်ရှုတ်ချ


2014.11.20
kia-defence-officers-training-305.jpg ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Lade Land Kachin

နိုဝင်ဘာ ၁၉ ရက်နေ့က ခရာဘွမ်အခြေစိုက် မြန်မာ့ တပ်မတော်တပ်ရင်း ၃၈၉ က ဝိုင်ကျိုင်ဘွမ် အခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိ သင်တန်းကျောင်းကို ပစ်ခတ်တိုက်ခိုက် ခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ ကြံစည်ဆာင်ရွက်မှုဖြစ်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြင်းပြင်း ထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင် လိမ့်မယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ထုတ်ပြန်ရှင်းလင်းချက်နဲ့ တိုက်ဆိုင်နေတဲ့အတွက် စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းကြံစည်မှုတစ်ရပ်အဖြစ် ယူဆနိုင်ကြောင်း UNFC အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ UNFC အထွေထွေအတွင်းရေးမှူး ဦးခူဦးရယ်က အခုလို ရှင်းပြပါတယ်။

"လွှတ်တော်ဥက္ကဌကြီး သူူရဦးရွှေမန်းကလည်း ပြောခဲ့တာတွေရှိတယ်လေ၊ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကျမှ ပြင်ဆင်ဖို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုပြီးတော့ သဘောထားမျိုးတွေ ပြောတာ ရှိတယ်ဆိုတော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကျမှ ဖြစ်မယ်ဆိုတဲ့အခါကျတော့ ဒါ ၂ဝ၁၅ ရွေးကောက်ပွဲက သမာသမတ်ကျပြီးတော့ လွတ်လပ်ပွင်းလင်းမယ့် ရွေးကောက်ပွဲဖြစ်ဖို့တော့ ကျနော်တို့ မျှော်မှန်းလို့မရတော့ ဘူးပေါ့ဗျာ၊ ဒါကလည်း နိုင်ငံရေးအရ အကြံအစည်ရှိတယ်လို့ ကျနော်တို့ သုံးသပ်တာပေါ့၊ ဒါနဲ့မရှေးမနှောင်းမှာပဲ အခုလိုမျိုး စစ်ဘက်ကလည်းပဲ စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ မမျှော်လင့်တဲ့အချိန်မှာ လုပ်တယ်ဆိုတော့ ဒါက စစ်ရေးအရ၊ နိုင်ငံရေးအရများ ချိန်ကိုက်ပြီးတော့ အကြံအစည်ရှိရှိလုပ်နေသလားဆိုတဲ့ ယူဆချက်တွေ ကျနော်တို့ကို ဖြစ်ပေါ်စေပါတယ်"

မြန်မာ့တပ်မတော်က စစ်ရေးအရ KIA အရာရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို မြန်မာ့တပ်မတော်က စစ်ရေးအရ အလစ်အငိုက် ဖိအားပေးတိုက်ခိုက်တာဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ယုံကြည်မှုတည်ဆောက်နေတာကို ကြီးမားတဲ့အဟန့်အတားဖြစ်စေကြောင်းလည်း UNFC အဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အလားတူပဲ ABSDF ကျောင်းသားတပ်မတော်ကလည်း ဒီပစ်ခတ်မှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကြီးကျယ်ထိခိုက်စေတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မလာစေဖို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေယူပေးဖို့ ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၃ ဦးထဲမှာ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် က နှစ်ဦးပါဝင်ကြောင်း သိရပါတယ်။

UNFC အဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအပါအဝင် လတ်တလော အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်တွေကြားဖြစ်ပွားနေတဲ့ တင်းမာမှုတွေဟာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည်မဖော်နိုင်သေးတဲ့ အတွက်ကြောင့်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောကြားလိုက်ပါတယ်။

ဒေါက်တာမင်းဇော်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။