သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ညနေ ၄ နာရီမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Win Place ဟော်တယ်မှာ ပြုလုပ်ခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး UNFC အဖွဲ့ဝင်ဖြစ်တဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးခွန်ဥက္ကာ က -
" ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ နိုင်ပြီးနောက် သူ့ရည်မှန်းချက်အတိုင်း လုပ်နိုင်အောင်ပေါ့။ ကျွန်တော်တို့လည်း ဝိုင်းဝန်း ကူညီကြမယ်ပေါ့ဗျာ။ ပူးပေါင်း ဆောင်ရွက်မယ်ပေါ့။ နောက်အကြောင်းအရင်းတစ်ခုက UNFC အဖွဲ့ဝင်တွေ အခြေအနေအရ၊ နယ်မြေအရ၊ ဒေသအရ အပစ်အခတ် ရပ်ဆိုင်းရေးကိစ္စ ပဏာမလုပ်တယ် ဆိုပေမယ့် ရေရှည်အတွက်နဲ့ ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံရေးအတွက်ကတော့ တစ်ပေါင်းတစ်စည်းထဲ လုပ်မယ်ပေါ့။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ရှေ့ဆက်လုပ်မည့် Road map ပေါ့ဗျာ။ နောက်ဆုံး တစ်ချက်ကတော့ ဒီ ငြိမ်းချမ်းရေး ပရောဆက် ကာလမှာပဲ ကျွန်တော်တို့ နယ်မြေထဲမှာ သိတ်နစ်နာနေတဲ့၊ ဆုံးရှုံးနေတဲ့ ပြည်သူလူထုတွေဟာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူတွေ အကြီးအကျယ် လိုအပ်နေတယ်။ အဲဒါကို နိုင်ငံတကာက သနားစာနာပြီးတော့ ပေးကြပါ။ အဲလေးခုပါပဲ" လို့ပြောပါတယ်။
ရှေ့လုပ်ငန်းစဉ်ထဲမှာတော့ UNFC အဖွဲ့က နိုင်ဟံသာ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးသွားဖို့၊ UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ UNFC အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ တိုင်းရင်းသားညီလာခံ ကျင်းပဖို့၊ တိုင်းရင်းသား ညီလာခံက ရလဒ်ကို ကိုင်စွဲပြီး လူမျိုးပေါင်းစုံအပါအဝင် ပြည်ထောင်စုအစိုးရ ကိုယ်တိုင်ပါဝင်တဲ့ တစ်မျိုးသားလုံးဆိုင်ရာ ညီလာခံကြီး တစ်ခု လွှတ်တော်ပြင်ပမှာ ခေါ်ယူကျင်းပဖို့ ပါဝင်ပါတယ်။
ဒီညီလာခံကြီးကနေ အများ သဘောတူညီချက်အပေါ် တစ်မျိုးသားလုံးဆိုင်ရာ သဘောတူညီချက် National Accord ရရှိရန် အင်အားစုတွေအားလုံး ပါဝင်လက်မှတ်ထိုးကြဖို့နဲ့ တစ်မျိုးသားလုံးဆိုင်ရာ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်တွေ ဆောင်ရွက်သွားမယ်ဆိုတဲ့ လုပ်ငန်းစဉ် ၆ ခု ပါဝင်ပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဦးခွန်ဥက္ကာကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
