ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲဖို့ UNFC တိုက်တွန်း

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက် အရင်းခံပြဿနာဖြစ်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲပြဌာန်းရမှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ၆၉ နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖော်ဆောင်နိုင်မယ့် ပြဌာန်းချက်တွေ မပါဝင်ဘူးလို့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။

"၂ဝဝ၈ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် ပြည်ထောင်စု အလားသဏ္ဍန်တူတဲ့ အနေအထားမျိုးကို ဖော်ဆောင် ညွှန်းဆိုနိုင်တဲ့ ပုဒ်ထီး ပုဒ်မေ တွမရှိဘူးပေါ့နော်၊ တချို့ညွှန်းဆိုသလို ပုဒ်မတချို့ရှိပေမဲ့ တကယ်တန်း ထဲထဲဝင်ဝင် ဥပဒေကြောင်းအရ သုံးသပ်မယ်ဆိုရင် တကယ်ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်တဲ့ အနေအထားမျိုး မဟုတ်ဘူးဗျ၊ ဒါကြောင့် ကျနော်တို့က ပြီးပြည့်စုံတဲ့ ပြည်ထောင်စုတစ်ခုကို ဖြစ်ပေါ်တည်ဆောက်ဖို့ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ရမယ်ဆိုတဲ့သဘောကို ဆိုလိုတာဖြစ်ပါတယ်"

ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြောင့် ပေါ်ပေါက်နေတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်မှသာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲမှာဖြစ်တယ်လို့ UNFC သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြည်ထောင်စုအနှစ်သာရ ပျောက် ကွယ်ပြီး နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။