UNFC ညီလာခံမှာ ကချင်ပြည်နယ်အရေး အလေးထားဆွေးနွေးမည်

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်အခတ်မရပ်စဲရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဒီကနေ့ ဇန်နဝါရီလ ၇ရက်နေ့ ကနေ ၁၁ရက်နေ့ထိ ၄ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ ပါတယ်။

ဒီအစည်းအဝေးမှာ ကချင်ပြည်နယ်အရေးကိစ္စ အပါအဝင် UNFC အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ၊ အစိုးရနဲ့ UNFC တို့ တွေ့ဆုံဆွေးနွေးနေမှု အခြေအနေတွေကို အဓိကထား ဆွေးနွေးသွားကြဖို့ရှိတယ်လို့ UNFC အဖွဲ့အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာ က RFA ကို ပြောပါတယ်။

အခုကျင်းပနေတဲ့ အစည်းအဝေးကို UNFC ဥက္ကဌ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ဒုတိယ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကခေါင်းဆောင်တစ်ဦးဖြစ်သူ အေဘယ်တွိ၊ ကရင်အမျိုးသားအစည်းအရုံး KNU ကခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောဒေးဗစ်သကဘော၊ မွန်ပြည်သစ်ပါတီ NMSP ကခေါင်းဆောင် နိုင်ဟံသာ တို့အပါအဝင် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၄၅ဦး တက်ရောက်နေတယ်လို့သိရပါတယ်။

UNFC အဖွဲ့ဝင် ၁၁ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီNMSP စတဲ့အဖွဲ့တွေပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။