နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး IKO က ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC မှာ မခွဲထွက်ရေးအတွက်တောင်းဆို တဲ့ ကြေညာချက်ကို အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
KNU အဖွဲ့ UNFC ကနေ ယာယီနှုတ်ထွက်ခြင်းဟာ UNFC တပ်ပေါင်းစုအဖွဲ့ ကျစ်လစ်ခိုင်မာစွာ ကြီးထွား လာတာကို မလိုလားသူတွေက နိုင်ငံရေးလူမိုက်ငှား လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ KNU ခေါင်းဆောင်တွေ က ဒီလိုလုပ်ဆောင်နေတာဖြစ်တာကို မြင်တွေ့ရတဲ့ အတွက် ကရင်လူထုယူကြုံးမရ ဖြစ်ကြရကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ IKO အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မန်းအိုလန်ဒိုးက ခုလိုပြော ပါတယ်။
"KNU ဆိုတာက အတွေ့အကြုံအရှိဆုံးနဲ့ အမြှော်အမြင်အကြီးမားဆုံး အဖွဲ့အစည်းတစ်ခုပါ၊ ကလေး ဆန်ဆန်ပေါ့လေ တပ်ပေါင်းစုကနေ ခွဲထွက်ဖို့စဉ်းစားတယ်ဆိုတဲ့ဟာက KNU နဲ့ မူလတန်ဖိုးအတိုင်း မဟုတ်ဘူးဆိုတဲ့ဟာ ကျနော်တို့အဲ့လိုမြင်တယ်၊ ကရင်တစ်မျိုးသားလုံးရဲ့ လိုလားချက်နဲ့လည်း ကိုက်ညီ မှှုမရှိဘူးလို့ ကျနော်တို့ အဲ့လိုမြင်တယ်"
ဆက်လက်ပြီး ကြေညာချက်မှာ ကရင်တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားနဲ့ ကရင့်တော်လှန်ရေးကို ကျောခိုင်းသွား သူတွေကို IKO အနေနဲ့ ဆန့်ကျင်သွားမှာဖြစ်သလို KNU အဖွဲ့မှာလူမှန်နေရာမှန် ဖြစ်ရေးအတွက်လည်း စည်းရုံး လှုံ့ဆော်သွားမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံး IKO အဖွဲ့ဟာ ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေတဲ့ ကရင်အဖွဲ့အစည်း အသီးသီးနဲ့ စုစည်းထားတဲ့အဖွဲ့ဖြစ်ပြီး အနည်းဆုံးနိုင်ငံပေါင်း ၃၀ ကျော်မှာ ရှိနေကြတာဖြစ်ပါတယ်။
KNU ဗဟိုကော်မတီအနေနဲ့ UNFC အဖွဲ့က အပြီးတိုင်နှုတ်ထွက်ရေး၊ ဆက်လက်ပူးပေါင်းရေး စတာတွေနဲ့ ပတ်သက်လို့ လာမယ့်အောက်တိုဘာ ၂၃ ရက်နေ့မှာ ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ IKO အဖွဲ့က ပြန်ကြားရေးတာဝန်ခံ မန်းအော်လန်ဒိုးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
