UNFC အရေးပေါ်အစည်းအဝေး စတင်ကျင်းပ


2016.02.18
unfc-meeting-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အရေးပေါ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပစဉ်
Photo:Aung Moe Myint/RFA

လက်ရှိအချိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အကျပ်အတည်း ဖြစ်နေတဲ့ကာလဖြစ်ပြီး အစိုးရသစ်လက်ထက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပူပေါင်းပါဝင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းတွေ စဉ်းစားကြဖို့ လိုအပ်ကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ်အစည်းအဝေးမှာ ဆွေးနွေးကြတယ်လို့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ဒီနေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ စတင်ကျင်းပတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အရေးပေါ် အစည်းအဝေးမှာ ရှေ့လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ UNFC အထွေထွေအတွင်းရေးမှုး ခူဦးရယ်က အခုလို ပြောပါတယ်။

"အခက်အခဲအများကြီး ကျနော်တို့ ကျော်ဖြတ်ရဦးမယ်ဆိုတာကိုတော့ အားလုံးက စိတ်တစ်သဘောတည်း တူကြပါတယ်နော်၊ အဲ့ဒီအများကြီး ပြဿနာရှိနေတယ်၊ သွားတဲ့လမ်းကြောင်းဟာ မှန်ကန်မှုမရှိသေးဘူးဆိုတာကိုလည်း ကျနော်တို့ မြင်တွေ့ရတယ်ပေါ့ဗျာ၊ ဆိုတော့ ကျနော်တို့ ဘယ်လိုနည်းလမ်းတွေနဲ့ သွားမှပဲ မှန်မှန်ကန်ကန်နဲ့ အဖြေကိုရှာတွေ့နိုင်မယ်၊ အချိန်တိုတိုနဲ့ ကျနော်တို့ ခရီးပေါက်နိုင်မယ်ဆိုတဲ့ ဟာမျိုးတွေကို ကျနော်တို့ အဓိကထားပြီး ဆွေးနွေးဖြစ်ကြပါတယ်"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ပါဝင်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အရေးပေါ်အစည်းအဝေးကို ဒီနေ့ကစတင်ပြီး လာမယ့်ဖေဖော်ဝါရီလ ၂ဝ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြတဲ့ TNLA တအာင်းပလောင်အဖွဲ့ကို လက်နက်စွန့်ဖို့ပြောတာဟာ လက်တွေ့ကျပြီး ပြဿနာကို ပြေလည်နိုင်စေတဲ့ နည်းလမ်းမဟုတ်ဘူးလို့ ခူဦးရယ်က ပြောပါတယ်။

ဒါ့အပြင် UNFC အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ မှန်ကန်တာတွေရှိခဲ့သလို မှားယွင်းမူတွေလည်း ရှိခဲ့တာကြောင့် မှန်ကန်တဲ့ နည်းလမ်းရရှိရေးအတွက် ပူးပေါင်းဆွေးနွေးကြဖို့ကိုလည်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

နောက်နေ့မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ တအာင်းအမျိုးသား လွှတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ကြားဝင်ဆောင်ရွက်ဖို့ ဆွေးနွေးမယ်လို့ ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။