ထိုးစစ်အရှိန်လျှော့ချဖို့ အစိုးရကို UNFC တိုက်တွန်း

0:00 / 0:00

ငြိမ်းချမ်းရေးအတွက် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ လက်တွဲအဖြေရှာဖို့အပြင် တပ်မတော်အနေနဲ့ ထိုးစစ်အရှိန်ကိုလျှော့ချဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဒီနေ့ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာနေချိန်၊ အခြေအနေတွေ ကောင်းနေချိန်မှာ မြေပြင်တိုက်ပွဲတွေ မကြာခဏပြန်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေအပေါ် ပြောင်းလွဲသွားတာမျိုးတွေ ကို ကြေညာချက်မှာ ထောက်ပြဝေဖန်ထားပါတယ်။

တိုက်ပွဲတွေပြန်ဖြစ်တိုင်း UNFC အဖွဲ့အနေနဲ့ ပြဿနာဖြစ်ပွားတဲ့ရင်းမြစ်ကို လေ့လာစုံစမ်းပြီး တွေ့ရှိရတဲ့ အချက်တွေကတဆင့် ကောက်ချက်ဆွဲခဲ့ကြောင်း၊ ဒီနေရာမှာ မတူညီတဲ့ အမြင်တွေနဲ့ ဆန့်ကျင်ဘက် သတင်းတွေရခဲ့ရတာမျိုးတွေရှိကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ခုလိုပြောပါတယ်။

"ပကတိအခြေအနေက သူတို့ရဲ့ရည်ရွယ်ချက်က ဘာဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ လေ့လာသိရှိ ရတာမျိုးတွေရှိပါတယ်၊ ဆိုတဲ့အခါကျတော့ တစ်ခါတစ်လေ သတင်းအချက်အလက်တွေက အရမ်းကြီးကွာဟနေပြီဆလို့ရှိုရင် ကျနော်တို့ရဲ့ ကောက်ချက်ကတော့ ဘာလို့လဲဆိုလို့ရှိရင် တပ်မတော်ကတော့ တစ်စုံတစ်ရာတွေ့ဆုံဆွေးနွေးမှု အခြေအနေကိုအထက်က ဖိအားပေးနေ သလားဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ သို့လောသို့လော ဖြစ်နေတာတွေ ကျနော်တို့တွေ့ရ ပါတယ်လေ၊ ဆိုတော့ တစ်ခါတစ်လေကတော့ ကျနော်ထင်ပါတယ် တမင်တကာ အကြံအရွယ်တွေ ပါတယ်လို့တော့ ကျနော်တို့ အဲ့ဒီလိုမှတ်ယူပါတယ်"

ဒီဖြစ်ပေါ်မူတွေကို သုံးသပ်ကြည့်တဲ့အခါ တိုင်းရင်းသားနယ်မြေတွေအတွင်း တပ်မတော်က နယ်မြေချဲ့ထွင်မှုတွေ၊ စစ်ရှိန်မြှင့်တင်မူတွေကို တွေ့ရှိရကြောင်း၊ ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်လာရေးအတွက် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ဟာ တိုင်းသူပြည်သားတွေရဲ့ အရေးကို ဦးထိပ်ပန်ဆင်ပြီး ပြဿနာတွေကို စိတ်ရှည်သီးခံမှုနဲ့ စားပွဲဝိုင်းမှာ ရိုးရိုးသားသား လက်တွဲဖြေရှင်းဖို့ တောင်း ဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။