တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ခေါင်းဆောင်တွေ အရေးပေါ် တွေ့ဆုံ

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ အရေးပေါ်ကောင်စီ အစည်းအဝေးကနေ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး ရပ်တည်သွားကြမယ့် အချက် ၁၃ ချက်ကို သဘောတူညီ ခဲ့ကြပြီး ကိုးကန့်အဖွဲ့ကိုလည်း UNFC အဖွဲ့ဝင်အဖြစ် ယာယီလက်ခံလိုက်တယ်လို့ သိရပါတယ်။

ဒီနေ့ပြီးဆုံးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့က ခေါင်းဆောင် ၃ဝ တက်ရောက်ခဲ့တဲ့ ဒီအရေးပေါ်ကောင်စီ အစည်းအဝေးကနေပြီး ဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ UNFC အတွင်းရေးမှူး နိုင်ဟံသာက အခုလို ပြောဆိုပါတယ်။

“အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကတော့ အစိုးရဖက်က တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးဖို့၊ နောက်တပ်တွေကို နေရာချဖို့၊ ပူးကပ်နေတဲ့တပ်တွေကို နည်းနည်းခွာပေးရမယ်၊ နောက်ထပ်တိုက်ပွဲတွေ မဖြစ်ရအောင်ပေါ့ ဗျာ၊ လှုပ်ရှားဂွင်တွေ သတ်မှတ်ပေးရမယ်၊ နောက်စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရဖို့၊ အဲ့ဒါတွေကို ချမှတ်ပေးရ မယ်၊ နောက်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့သေချာတဲ့ပုံစံကို ကျနော်တို့သဘောတူ ချမှတ်ဖို့လိုတယ် ဆိုတဲ့ဟာ အဲ့ဒါတွေကို ဆုံးဖြတ်တယ်၊ ဒါပေမဲ့ နည်းနည်းပိုပြီးတော့ ပြည့်စုံတယ်၊ ဒါပေမဲ့ အဲ့ဒီအချက်အလက်တွေကို ကျနော်တို့ကတော့ ကနေ့ မထုတ်ပြန်သေးဘူးဗျ၊ ကျနော်တို့ကတော့ ထိပ်သီးခေါင်းဆောင်များနဲ့ ထပ်မံပြီးတော့ ညှိနှိုင်းဖို့လိုဦး မယ်၊ အဲ့ဒီလိုချင်တဲ့အချက်မျိုး မရဘူးဆိုရင်တော့ ကျနော်တို့ လက်မှတ်မထိုးဘူး၊ လိုချက်တဲ့အချက်အလက်တွေ အားလုံးပြည့်စုံမယ်ဆိုရင်တော့ ဒါကထိုးမယ်”

ဆုံးဖြတ်ချက် ၁၃ ချက်ထဲမှာ ပထမအဆင့် ၆ ချက်နဲ့ ဒုတိယအဆင့် ၇ ချက် သတ်မှတ်ထားပြီး လက်မှတ်မထိုးခင်မှာ သဘောတူထားရမယ့်အချက်တွေပါဝင်ဖို့၊ လက်မှတ်ထိုးရမယ့်စာချူပ်မှာ ပါဝင်ရမယ့် အချက်အလက်တွေ ပါဝင်နိုင်ဖို့နဲ့ လက်မှတ်ထိုးပွဲမှာ ပါဝင်လက်မှတ်ထိုးမယ့် အစိုးရအပါအဝင် နိုင်ငံတကာ အသိသက်သေစာရင်းမှာ မပါမဖြစ်သူတွေပါဝင်ဖို့တွေ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒီနေ့ UNFC အရေးပေါ်ကောင်စီ အစည်းအဝေးကနေ အဖွဲ့ဝင်သစ်အဖြစ် ယာယီလက်ခံလိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့က ဆက်ဆံရေးဌာနမှူး ဖုန်ဝင်းနိုင်ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲအပေါ် သူတို့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်ထင်တာကတော့ ဆက်စောင့်ကြည့်ရမယ်ထင်တယ်။ ကျနော်တို့ကတော့ ဒီ cease-fire အတွက်ကို ကျနော်တို့ ကိုးကန့်အနေနဲ့ဆိုရင် ထောက်ခံပါတယ်၊ ကျနော်တို့ ကိုးကန့်အနေနဲ့ အရင်တုန်းကစပြီဆို ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ ယူထားတဲ့ အဖွဲ့တွေ၊ ဒါပေမဲ့ ဒီတခြားတိုင်းရင်းသားနဲ့ အတူပေါ့နော်၊ ဒီလို ငြိမ်းချမ်းရေးတစ်ခုကို PEACE ကို ကြိုက်တဲ့ တိုင်းရင်းသား တစ်ခုဖြစ်တယ်၊ UNFC အောက်မှာ ကျနော်တို့ တိုင်းရင်းသားအတူနဲ့ ညီညွှတ်ပြီးမှ အားလုံး ညီမျှပြတ်သားပြီးမှ အတူတူလက်တွဲပြီးမှ အတူတူလုပ်သွားမယ်”

ဒီနေ့ ညနေပိုင်းမှာတော့ UNFC အဖွဲ့ဝင်မဟုတ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရခိုင်တပ်မတော် AA ၊ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော် DKBA ၊ ကိုးကန့်ဒီမိုကရက်တစ်အဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး UNFC ကဆုံးဖြတ်ချက်တွေအပေါ် ဘုံသဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး CNF၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်ပါတီ LDP၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။