ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ UNFPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျဲနက်နဲ့ အဖွဲ့က လူဦးရေနဲ့အိမ်ထောင်စုဆိုင်ရာ သန်းခေါင်းစာရင်းကောက်ယူခြင်းနဲ့ ပတ်သက်လို့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ရှင်းလင်းဟောပြောပွဲတစ်ခု ရန်ကုန်မြို့ ဓမ္မပီယသာသနာ့ရိပ်သာမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ဖို့ စီစဉ်နေတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းတွေသိသင့်တဲ့ နိုင်ငံတကာက လုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းပြောဆိုတာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုပြုံးချိုကပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအရာရှိက သန်းခေါင်စာရင်းကောက်ယူပုံ နမူနာပုံစံတွေချပြဆွေးနွေးပြီး တက်ရောက်လာသူတွေကလည်း သိလိုတဲ့အချက်တွေကို ပြန်လှန်မေးမြန်းခဲ့ပါတယ်။
နမူနာပုံစံမှာတော့ သန်းခေါင်စာရင်းကောက်တဲ့နေ့မှာ အိမ်တစ်အိမ်မှာရှိနေတဲ့ လူဦးရေစာရင်း၊ အဲဒီလူတွေရဲ့ တိုင်းရင်းသားအမည် စသဖြင့်ပါရှိတဲ့အပြင် တွေ့လာရနိုင်တဲ့ ဒေသဆိုင်ရာအခက်အခဲတွေ ကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။