ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည် များ မဟာမင်းကြီးရုံး UNHCR အုပ်ချုပ်ရေးအဖွဲ့ နဲ့ နိုင်ငံတကာ အစိုးရတွေကြား ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က မြန်မာခရီးစဉ် သွားရောက်မယ့် အကြောင်း ပြောကြား ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ ရှိတဲ့ ဒုက္ခသည်တွေကို မူရင်းဒေသတွေမှာ ပြန်လည်နေရာချထားရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။
UNHCR နဲ့ မြန်မာအစိုးရတို့ အဲဒီကိစ္စ ဆွေးနွေးရာမှာ စဉ်းစားဆင်ခြင် စရာတွေ ရှိနေသေးကြောင်း ဂျီနီဗာက UNHCR အစည်းအဝေးကို တက်ရောက်လေ့လာနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ချင်းအမျိုးသမီး မချယ်ရီဇာဟောင်းက ပြောပါတယ်။
"ဒီဒုက္ခသည်တွေကို နေရာပြန်လည်ချထားရေး အဲတာက အခုလောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ ကျွန်မတို့ကတော့ ထင်တယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံမှာက စစ်တပ်တွေက နေရာတိုင်းမှာ ရှိနေသေးတယ်။ Cease fire လုပ်ရင်လည်းပဲ ဟိုနေရာမှာ တိုက်ပွဲပြန်ဖြစ်လိုက်၊ ဟိုနေရာမှာ ပြန်ပြီးပစ်ခတ်ကြလိုက် ဖြစ်နေတဲ့ အချိန်မှာ ဒီဒုက္ခသည်တွေကို ပြန်ပို့ဖို့ မသင့်တော်ဘူး။ နောက်တစ်ခုက တချို့နေရာတွေမှာ မြေမြုပ်ဗုံးတွေ ရှိနေတဲ့ နေရာတွေမှာ လည်း ကောင်းကောင်းမရှင်း ရသေးဘူး။ နောက်တစ်ခု က ပြန်သွားလို့ရှိရင် ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး ဘဝဖူလုံရေး လုပ်ပေးဖို့လိုတယ်။ အဲတာတွေ ကျွန်မတို့ တင်ပြမှာ"
မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ့် UNHCR အကြီးအကဲ Mr. Antonio Guterres ဟာ ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဖြစ်ပြီး ၂၀၁၀ခုနှစ် ဧပြီလတုန်းက UNHCR မဟာမင်းကြီးအဖြစ် အရွေးချယ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။
