မြန်မာ့နိုင်ငံရေးအပေါ် အမေရိကန်နှင့် အာဆီယံ စိုးရိမ်

မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ အကြီးအကျယ် စိုးရိမ် ပူပန်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ P.J Crowley က အခုလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်း ပြောကြားလိုက်ပါတယ်။

မကြာခင် ကျင်းပတော့မဲ့ မြန်မာ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိလိမ့်မယ်လို့ အမေရိကန်အစိုးရက မယုံကြည်ကြောင်းနဲ့ ဒီအပေါ်မှာ မိမိတို့အနေနဲ့ စိုးရိမ်ပူပန်တဲ့အကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးပါပြီလို့ မစ္စတာ ခရော်လီ ပြောသွားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုအစိုးရပဲ ပေါ်ထွက်လာလာ-လမ်းကြောင်းသစ်ပေါ်ကနေ တက်လှမ်းလေမလား ဆိုတဲ့မျှော်လင့်ချက် ရှိပါတယ်လို့ မစ္စတာ ခရော်လီကပြောပါတယ်။

ဥရောပ လွှတ်တော်အမတ်တွေကလည်း လာမဲ့ မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ယုံကြည်ချက် တခုခု ထားမယ်ဆိုရင် မှားလိမ့်မယ်လို့ ပြောဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ အာဆီယံ အတွင်းရေးမှူး မစ္စတာ ဆူရင်းပစ်ဆူဝမ်က မြန်မာ့ရွေးကောက်ပွဲကနေ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆီကို ဦးတည်မဲ့ အခြေအနေကောင်းတခု ဖြစ်အောင် ဖန်တီးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့ရွေးကောက်ပွဲ ရလဒ်ကြောင့် နိုင်ငံတကာနဲ့ စစ်အစိုးရကြားမှာရှိနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိကြောင်းလည်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။

မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ထဲမှာ အဓိက ပြောဆိုရတဲ့ ကိစ္စဖြစ်ပြီး၊ ဒီကိစ္စ ပြေလည်သွားဖို့ မိမိတို့ အနေနဲ့ တွေ့မြင်ချင်ပါတယ်လို့ သူက ပြောပါတယ်။ မနေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ပစ်ဆူဝမ်က ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားအများစုက တရားဝင်အဖြစ် လက်ခံမဲ့ အခြေအနေဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာအစိုးရ ပြုလုပ်ပေးမဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်သင့်တယ်လို့လည်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။