နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က ထပ်မံတောင်းဆိုလိုက်ပြီး ပြောရိုးထုံစံအတိုင်း မဟုတ်ပဲ ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားလိုက်တာပါ။
ဒါဟာ မြန်မာနိုင်ငံရဲ့ လှည့်စားမှုတရပ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးကောင်း ပေးမယ်လို့ ပြောတာဟာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ် ဒါမှမဟုတ် ယုံကြည်ထိုက်တယ် ဆိုတာတွေ ဖြစ်နိုင်ဖွယ် မရှိဘူးဆိုတာ အရိပ်အမြွက် ပြတာပဲလို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မဲ့ အစီအစဉ်ရှိတယ်လို့ ဗီယက်နမ်မှာ ကျင်းပတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအဝေးမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဟာ အများရဲ့ ဝေဖန်မှု ခံနေရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေ အပြည့်အဝ ပါဝင်နိုင်ဖို့ နိုင်ငံရေးနယ်ပယ် ဖွင့်ပေးရပါမယ်။ နိုင်ငံရေးအကျဉ်းသမားတွေ အားလုံးလွှတ်ပေးပြီး မြန်မာ့အသိုင်းအဝိုင်းက အဖွဲ့အစည်းအားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးရပါမယ်လို့ ပြောသွားပါတယ်။