မြန်မာ့တက္ကသိုလ်တွေ အဆင့်မြင့်ရေးကူညီကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

အရင်စစ်အစိုးရရဲ့ဖိနှိပ်မှုတွေကြောင့် နာလန်မထူနိုင်ဖြစ်ခဲ့ရတဲ့ မြန်မာတက္ကသိုလ်တွေကို ဗြိတိန်တက္ကသိုလ်တွေအနေနဲ့ လိုအပ်သမျှ အကူအညီတွေပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှာ ဗြိတိသျှကောင်စီနဲ့ လန်ဒန်တက္ကသိုလ်တို့ပူးတွဲပြီး မနေ့ကကျင်းပခဲ့တဲ့ ဗြိတိန် မြန်မာမူဝါဒရေးရာဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဗီဒီယိုကတဆင့် အမှာစကားပြောကြားခဲ့ တာပါ။

မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ နှစ်ငါးဆယ်လောက် ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ လုံးဝပျက်စီးလုနီးပါး ဖြစ်ခဲ့ရပါတယ်၊ တစ်ခါက အရှေ့တောင်အာရှဒေသတွင်းမှာ ဂုဏ်ဒြပ်တစ်ခုဖြစ်ခဲ့တဲ့ မြန်မာ့ပညာရေးဟာ အခုတော့ အိမ်နီးချင်း နိုင်ငံတွေရဲ့နောက်မှာ ပြတ်ကျန်နေခဲ့ရပါပြီ၊ လူစုမိမှာစိုးရိမ်တဲ့အတွက် တက္ကသိုလ်အဆောင်တွေဆိုတာလည်း မရှိတော့ပါဘူး၊ မြန်မာကျောင်းသူကျောင်းသားတွေဟာ တက္ကသိုလ်ဘဝဆိုတာကို မခံစားမသိရှိကြတော့ပါဘူး၊ တက္ကသိုလ်ဘွဲ့ဆိုတာဟာလည်း ဓာတ်ပုံတစ်ပုံထက် ဘာမှမပိုတော့ပါဘူး၊ တကယ့်အဆင့်မြင့်ပညာရေးဖြစ်အောင် ပြန်ပြီးထူထောင်ရပါမယ်၊ ပညာရဲ့အထက်မှာ ဘယ်သူမှမရှိအောင်၊ ပညာရေးလွတ်လပ်ခွင့်ရှိအောင် လုပ်ရပါမယ်၊ ဒီအတွက် ဦးဆုံးပထမလုပ်ရမှာက စာသင်သားတွေကို တက္ကသိုလ်ဘဝပြန်ပေးဖို့ပါပဲလို့ ပြောကြားခဲ့တာပါ၊ ဆက်လက်ပြီး ပညာရေးလွတ်လပ်မှုဟာ အခုကြွရောက်လာကြသူတွေအတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုသာဖြစ်ပေမယ့်၊ မြန်မာနိုင်ငံမှာတော့ အလှမ်းဝေးလှတဲ့ စိတ်ကူးအိပ်မက်သာဖြစ်နေပါသေးတယ်၊ ဒါပေမဲ့ လွှတ်တော်အမတ်တစ်ဦးအနေနဲ့ အဆင်မြင့်ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီနဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည်ထူထောင်ရေးကော်မတီ ဥက္ကဌတွေအဖြစ် တာဝန်ယူထားတဲ့ကျမဟာ လက်ရှိပြောင်းလဲလာနေတဲ့ အခွင့်အလမ်းတွေကို အကောင်းဆုံးအသုံးချမှာဖြစ်ပါတယ်၊ ဒီအတွက် ဗြိတိန်နိုင်ငံက ကူညီစေချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီပွဲကို ဗြိတိန်နဲ့ စကော့တလန်နိုင်ငံတွေက တက္ကသိုလ်ပညာရေးစနစ်တွေကို မေ ၁ ရက်ကနေ ၉ ရက်နေ့အထိ သွားရောက်လေ့လာနေကြတဲ့၊ ပညာရေးဒုတိယဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။