မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အထူးသဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ HIV/AIDS တားဆီးကာကွယ်ကုသရေး၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့နေရာတွေမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်အောင်အားပေးပြီး၊ မူးယစ်ဆေးဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖေါ်ဆောင်ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးဆီရောက်အောင် တွန်းအားပေးရေးတွေ ဆွေးနွေးခဲ့ကြပြီး၊ UNODC အနေနဲ့ ဒီလုပ်ငန်းစဉ်တွေမှာ ကူညီပံ့ပိုးသွားမယ်လို့ မစ္စတာ Fedotov က ကတိပြုပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် မြန်မာ့ရှေ့ရေးအတွက် ကူညီပေးကြဖို့ နိုင်ငံတကာအသိုင်းအဝန်းကိုလည်း တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို အခုအချိန်ဟာ အသွင်ကူးပြောင်းရေးရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကာလဖြစ်တယ်၊ ကျေနပ်နှစ်သိမ့်နေရမယ့် အခိုက်အခါမဟုတ်ပါဘူး၊ မြန်မာပြည်သူတွေရဲ့ အနာဂတ်အတွက် လက်ရှိပစ္စုပ္ပန်အပေါ် ရဲရဲဝံ့ဝံ့ စဉ်ဆက်မပြတ် မြှပ်နှံဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ ဒီလိုမှမဟုတ်ရင်တော့ အနာဂတ် ပျောက်သွားနိုင်ပါတယ်၊ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ တည်ငြိမ်အေးချမ်းလုံခြုံမှုရရှိဖို့အတွက် သန့်ရှင်း၊ ထိရောက်၊ စိတ်ချယုံကြည်ရတဲ့ အစိုးရဌာနတွေရှိဖို့ အလွန်အရေးကြီးတယ်ဆိုတာ မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီခဲ့ကြပါတယ် လို့ မစ္စတာ Fedotov က ပြောဆိုခဲ့ပါတယ်။
